သတိပေးချက်
March 22, 2026

ထိုင်းတွင် ယခုလအတွင်း မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမား ၁၃၀၀၀ ကျော် ဖမ်းဆီးခံရ

December 22, 2025

December 22, 2025
ပုံစာ - ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ဝင်ရောက်စစ်ဆေးနေစဉ်။

ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသာ ၁၃၀၀၀ ကျော်ကို ယခုလရက်ပေါင်း ၂၀ အတွင်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ပြီးခဲ့သော ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ နိုင်ငံအတွင်း တရားမဝင် နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးအရေးယူမည့် စီမံချက်အောက်တွင် တစ်နိုင်ငံလုံးအနေဖြင့် နိုင်ငံခြားသား ၁၃,၀၇၃ ဦးကို ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အခြားနိုင်ငံသားများ ပါဝင်ကြောင်း ဖော်ပြထားသော်လည်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

၎င်းတို့ကို တရားမဝင် နေထိုင်မှု၊ နေထိုင်ခွင့် ဗီဇာကျော်လွန်မှု၊ တရားမဝင် နိုင်ငံခြားသားများကို ပို့ဆောင်ကူညီမှု၊ ပြည်ဝင်ခွင့် ပိတ်ပင်ထားမှု၊ နေထိုင်ခွင့်ဗီဇာ ပြန်လည်ရုပ်သိမ်းထားမှု၊ အလုပ်သမားရေးနှင့်ဆိုင်သော အမှု၊ မူးယစ်ဆေးဝါးအမှု၊ ဝရမ်းအရ ဖမ်းဆီးမှုနှင့် အခြားအမှုပေါင်း ၁၂၈၃၂ မှုဖြင့် တရားစွဲထားကြောင်း သတင်းတွင်ဖော်ပြသည်။

ဖမ်းဆီးခံရမှု အများဆုံးမှာ တရားမဝင် နေထိုင်မှုဖြစ်ပြီး အမှုပေါင်း ၆၅၀၀ ကျော်ရှိသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း လဝကနှင့်ပူးပေါင်း၍ တရားမဝင် နေထိုင်နေသော နိုင်ငံခြားသားများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရေးအတွက် “Operation Bad Guys Out” စီမံချက်ဖြင့် ဖမ်းဆီးခဲ့ကြောင်း ထိုင်းတော်ဝင် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဝင်ရောက်စစ်ဆေးချိန်တွင် ဗီဇာအမျိုးအစားပေါ်မူတည်၍ အလုပ်သမား၊ ခရီးသွား၊ ကျောင်းသားများကို ခွဲခြားစစ်ဆေးခဲ့ပြီး အကယ်၍ နေထိုင်ခွင့် ကျော်လွန်နေထိုင်သူ၊ ဗီဇာကို အလွဲသုံးစားပြုလုပ်သူ၊ နေထိုင်ခွင့်ဗီဇာအပေါ် ချိုးဖောက်နေထိုင်သူတွေ့ရှိပါက ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် ပဋိပက္ခဖြစ်နေသော နယ်စပ်များတွင် တရားမဝင် ဝင်ရောက်လာသူများကို တင်းတင်းကျပ်ကျပ် စစ်ဆေးသွားမည်ဖြစ်သလို အကယ်၍ ဖမ်းဆီးရမိပါက ပြည်နှင်ဒဏ်ပေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Matichon Online, Royal Thai Police, ထိုင်းလဝက