ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်ရှိ ရော်ဘာတောအတွင်း ခွင့်ပြုချက်မရှိဘဲ ဆေးခန်းဖွင့်လှစ်ကာ ဆေးကုသပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့က ကရဘူရီဒေသ ရော်ဘာတောအတွင်း မြန်မာဇနီးမောင်နှံနှစ်ဦးက ဆေးခန်းဖွင့်လှစ်၍ မြန်မာအလုပ်သမားများကို ဆေးကုသပေးခြင်း၊ ဆေးဝါးရောင်းချခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ တရားမဝင် ပြုလုပ်နေကြောင်း ထိုင်းနယ်ခြားစောင့်တပ်က သတင်းရရှိခဲ့ခြင်းဖြစ်သည်။
အာဏာပိုင်များ သွားရောက်စစ်ဆေးချိန်တွင် အဆိုပါဆေးခန်းမှာ ထိုင်း-မြန်မာနယ်စပ်အနီး ပါချန်ဒေသ ရော်ဘာတောအတွင်း တည်ရှိနေပြီး အသက် ၄၀ ကျော်အရွယ်များဖြစ်ကြသည့် ကိုမိုးဝင်းနှင့် မကြည်ကြည်ဌေးတို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
ဆေးခန်းအတွင်း စစ်ဆေးရာတွင် မြန်မာနိုင်ငံဘက်မှ တင်သွင်းထားသော ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း အမြောက်အမြားကို တွေ့ရှိရသည့်အပြင် ဆေးခန်းအပြင်ဘက် နေရာအချို့တွင်လည်း ဆေးဘူးကြီး(စလင်း) များအပါအဝင် ဆေးဝါးများစွာကို ဝှက်ထားသည်ကို တွေ့ရှိရသဖြင့် စုစုပေါင်း ဆေးဝါးနှင့် ပစ္စည်းအမျိုးအမည် ၁၂၀ ခန့်ကို သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။
အဆိုပါ ဇနီးမောင်နှံနှစ်ဦးမှာ ထိုင်းနိုင်ငံသို့ ရော်ဘာခြစ်လုပ်သားများအဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး မကြည်ကြည်ဌေးမှာ ယခင်က မြိတ်မြို့တွင် သူနာပြုအဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ကြောင်း အာဏာပိုင်များကို ထွက်ဆိုထားသည်။
ထို့ကြောင့် ၎င်းသည် ဆေးထိုးခြင်း၊ ဆေးသွင်းခြင်း (ဆေးချိတ်ခြင်း) နှင့် ဆေးဝါးပေးခြင်းအပါအဝင် ကုသရေးလုပ်ငန်းများတွင် အတွေ့အကြုံရှိသူဖြစ်ကြောင်း ထွက်ဆိုသည်။ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ကော့သောင်းမြို့မှ မှာယူတင်သွင်းကာ ရနောင်းရှိ မြန်မာအလုပ်သမားများကို ဆေးကုသပေးခြင်း၊ ဆေးဝါးရောင်းချခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သက်သေခံပစ္စည်းများနှင့်အတူ မြန်မာဇနီးမောင်နှံနှစ်ဦးကို ခြေမြန်တပ်ရင်းအတွင်းသို့ ခေါ်ဆောင်သွားပြီး လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ်မှု၊ ဆေးကုသမှုနှင့် ဆေးဝါးရောင်းချမှု စသည့် အမှုသုံးမှုဖြင့် ကနဦး အမှုဖွင့်အရေးယူထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: Khaosod, CH 7, MGR online






