သတိပေးချက်
December 23, 2024

ဆေးကုသစရိတ် မပေးနိုင်မည်စိုး၍ မွေးကင်းစကလေးကိုချီပြီး မြန်မာဇနီးမောင်နှံ ဆေးရုံကထွက်ပြေးဟုဆို

October 23, 2024

October 23, 2024

ထိုင်းနိုင်ငံ နခွန်ပထုံဆေးရုံကြီးတွင် ဆေးကုသစရိတ် မပေးနိုင်မည်စိုးရိမ်ပြီး မွေးကင်းစကလေးကိုချီပြီး မြန်မာဇနီးမောင်နှံ ထွက်ပြေးသွားသဖြင့် ဆေးရုံဘက်က လိုက်လံခေါ်ယူ၍ ဆေးကုသပေးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အသက် ၂၈ နှစ်အရွယ် နန်းဝင်းအမည်ရှိ မြန်မာအမျိုးသမီးသည် နခွန်ပထုံဆေးရုံကြီးတွင် အောက်တိုဘာလ ၂ ရက်နေ့က ကလေးမွေးဖွားခဲ့ကြောင်း ဖော်ပြသည်။

သားယောက်ျားလေး မွေးဖွားခဲ့ပြီး မီးဖွားပြီးချိန်တွင် ကလေးငယ်မှာ ဆေးကုသမှုခံယူရန် လိုအပ်နေသေးသဖြင့် ဆေးကုသဆောင်သို့ လွှဲပြောင်းကုသပေးနေရကြောင်း ဆေးရုံဘက်က ဖြေကြားထားသည်။

ဆေးကုသနေစဉ် ကလေးငယ်က ရုတ်တရက် ပျောက်သွားသဖြင့် CCTV မှတ်တမ်များကို စစ်ဆေးကြည့်ရာ မိဘနှစ်ဦးက ကလေးကို ချီ၍ ယူဆောင်သွားသည်ကို တွေ့ရှိခဲ့ရကြောင်း ဆိုသည်။

ကလေးငယ်သည် ၁၉ ရက်သား အရွယ်သာရှိနေသေးပြီး ဆီးလမ်းကြောင်း ပိုးဝင်နေသဖြင့် နောက်ထပ် ဆက်လက်ကုသမှု ခံယူရဦးမည်ဖြစ်ကြောင်း ဆေးရုံဘက်က ပြောဆိုသည်။

ကလေး၏ အသက်အန္တရာယ်ကို စိုးရိမ်ရသဖြင့် ကလေးမိဘများ၏ နေရာကို CIB ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး လိုက်လံရှာဖွေခဲ့ကြောင်း နခွန်ပထုံဆေးရုံကြီး၏ ဒါရိုက်တာ Dr. Surachai Chokkharachitchai က ပြောသည်။

ကလေးမိဘများသည် နခွန်ပထုံခရိုင် နခွန်ချိုင်စီဒေသရှိ အလုပ်သမားများ နေထိုင်ရာနေရာတွင် နေထိုင်သည်ဟု သိရှိထားသဖြင့် အောက်တိုဘာလ ၂၂ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ရာ ကလေးနှင့် မိခင်ဖြစ်သူကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။

ကလေး၏ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ဆက်လက်ကုသမှုခံယူရန် ကလေးမိခင်ကို ဆေးရုံကြီးဘက်က စည်းရုံးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

ကလေးကို ဆေးရုံပြန်ပို့ရန် ကလေးမိခင်ဖြစ်သူက သဘောတူခဲ့ပြီးနောက် ကလေးကို အရေးပေါ်ကားဖြင့် နခွန်ပထုံဆေးရုံကြီးသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ကလေးကို ဆေးရုံက ပြန်လည်ခေါ်ဆောင်ခဲ့သည်မှာ ကလေးငယ် ဆေးကုသမှုအတွက် စရိတ်ပေးရန် ငွေမရှိမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း မိခင်ဖြစ်သူ၏ ဖြေကြားထားသည်။

ထို့ကြောင့် ကလေးဆေးကုသမှုစရိတ်များကိုလည်း ဆေးရုံဘက်က တာဝန်ယူပေးမည်ဖြစ်ကြောင်း ဆေးရုံဘက်က ဆိုထားသည်။

Ref: Khaosod, CH 7, FM 91, MGR Online