သတိပေးချက်
March 24, 2026

မလေးရှား ငါးဖမ်းလှေပေါ်တွင် မြန်မာရေလုပ်သားလေးဦး ဖမ်းဆီးခံရ

January 24, 2023

January 24, 2023

မလေးရှားနိုင်ငံတွင် တရားဝင်အထောက်အထားမရှိဘဲ ငါးဖမ်းလှေတွင်လိုက်နေသော မြန်မာအလုပ်သမားလေးဦး ဇန်နဝါရီလ ၂၃ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံရကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြသည်။

မလေးရှားနိုင်ငံသားပိုင် လှေတစ်စီးပေါ်တွင် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ပီနန်းပြည်နယ်ရှိ Pulau Kendi ကျွန်းမှ ရေမိုင် ၁၃ မိုင်အကွာတွင် ယမန်နေ့ ညနေ ၄နာရီ ၅ဝမိနစ်ခန့်က ငါးဖမ်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ရေတပ်အာဏာပိုင်များက အဆိုပါငါးဖမ်းလှေကို သွားရောက်စစ်ဆေးရာ အထောက်အထားမရှိသော မြန်မာရေလုပ်သားများနှင့်အတူ ထိုင်းရေလုပ်သားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

မြန်မာလေးဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့မှာ အသက် ၂၇နှစ်အရွယ်မှ ၅၅ နှစ်အရွယ်အထိရှိကြကြောင်း ဖော်ပြသည်။

ရေလုပ်သားဥပဒေအရ နိုင်ငံခြားသားအလုပ်သမားများကို ခွင့်ပြုချက်မရှိဘဲ ငှားရမ်းလုပ်ကိုင်ခဲ့သဖြင့် လိုင်စင် ချိုးဖောက်မှုဖြင့် လှေရှင်ကို အရေးယူမည်ဖြစ်ကြောင်း ရေးသားထားသည်။

ရေလုပ်သားများကိုမူ တရားဝင်အထောက်အထားမရှိမှုတို့ဖြင့် လဝကဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

မလေးရှား ရေတပ်စုံစမ်းရေးရုံးက ဥပဒေအရ ဆက်လက်စုံစမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Ref: Kosmo Online, Berita Harian