သတိပေးချက်
June 24, 2025

ကြက်ဝိုင်းကို ထိုင်းရဲတပ်ဖွဲ့ ဝင်ဖမ်း၊ မြန်မာများအပါအဝင် လူ ၁၀ကျော် ဖမ်းဆီးခံရ

June 24, 2025

June 24, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖော်ခရိုင်ရှိ ဆီအုန်းခြံထဲတွင် တရားမဝင် ပြုလုပ်နေသော ကြက်ဝိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသားများ အပါအဝင် ၁၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

လန်စွမ်းဒေသရှိ ဆီအုန်းခြံထဲတွင် ကြက်ဝိုင်းလုပ်နေသည်မှာ ကြာနေပြီဟု သတင်းပေးတိုင်ကြားလာသဖြင့် ချွန်ဖော်ခရိုင် ရဲတပ်ဖွဲ့က ဇွန်လ ၂၂ ရက် ညနေက သွားရောက်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

ကြက်ဝိုင်းအဝင်ဝတွင် ဆိုင်ကယ်နှင့် ကားများ ရပ်နားထားကြပြီး လူ ၃၀ ခန့်က အော်ဟစ်၍ ကြက်တိုက်နေသည်ကို စစ်ဆေးတွေ့ရှိခဲကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့များ ဝင်ရောက်လာသောအခါ အားလုံးသည် ထွက်ပြေးခဲ့ကြသဖြင့် လိုက်လံဖမ်းဆီးစဉ် ကြက်တိုက်ဝိုင်းထဲက ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသားငါးဦး၊ လာအိုတစ်ဦးနှင့် ထိုင်းနိုင်ငံသား ခြောက်ဦးတို့ ပါဝင်သည်။

၎င်းတို့အနက် ကိုဟိန်းမင်းစိုးမှာ ကြက်ဝိုင်းကို စီစဉ်ဆောင်ရွက်နေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

နောက်ထပ် မြန်မာနိုင်ငံသားတစ်ဦးကလည်း ကြက်ဝိုင်းထဲတွင် မာမားကဲ့သို့ အစားအသောက်နှင့် အအေးများကို‌ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။

ကြက်ဝိုင်းကို နံနက်မှ ညနေပိုင်းအထိ ပြုလုပ်နေကြပြီး အချိန် ၅ လခန့်ရှိပြီဖြစ်ကာ မြန်မာနိုင်ငံသား အများစု လာရောက်လေ့ရှိသလို ထိုင်းနှင့် လာအိုနိုင်ငံသားများလည်း လာရောက်လေ့ရှိကြောင်း ဖော်ပြသည်။

ဖမ်းဆီးရမိသူ အားလုံးကို တရားမဝင် လောင်းကစားပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူထားပြီး လန်စွမ်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

Ref: MGR Online, Banmuang, Bangkok Today