သတိပေးချက်
June 21, 2025

ဘန်ကောက်တွင် မြန်မာလုပ်သား ၈၀ကျော် ဘတ် ၁၀သိန်းနီးပါးလိမ်လည်ခံရ

November 24, 2023

November 24, 2023
ပုံစာ - မြန်မာပွဲစား မိနန်း။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာပွဲစားတစ်ဦးက မြန်မာလုပ်သမား ၈၀ဦးထံမှ ငွေကြေး ဘတ် ၁၀သိန်းနီးပါး လိမ်လည်သွားကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအသင်း (WAG) ထံမှ သိရသည်။

မင်ဘူလီဒေသရှိ လုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများကို အလုပ်လျှောက်ထားခ၊ အလုပ်သွင်းပေးခနှင့် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) လုပ်ပေးမည်ဟုဆိုကာ ငွေလိမ်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မိနန်းအမည်ရှိ မြန်မာပွဲစားသည် မြန်မာအလုပ်သမားများထံတွင် တစ်ဦးလျှင် ဘတ်ငွေ ၁၂၀၀၀ စုစုပေါင်း ဘတ် ၉၆၀,၀၀၀ ကို ယူ၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း WAG ထံမှ သိရသည်။

အလုပ်သမားများက အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် အမည်စာရင်းတင်ထားသော စာရွက်များ (Name List) က အတုဖြစ်နေသဖြင့် ပွဲစားကို ပြန်လည်ဆက်သွယ်ခဲ့ကြောင်း ဆိုသည်။

သို့သော် ပွဲစားက အဆက်အသွယ်ဖြတ်၍ ထွက်ပြေးသွားခဲ့သဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့က WAG အဖွဲ့ကို လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက‌ ပြောသည်။

“သူ့ကို ကျွန်တော်တို့ လိုက်တဲ့အချိန်မှာ သူက ပြေးသွားတယ်ပေါ့။ ပြီးတော့ သူ့အောက်မှာ အလိမ်ခံရတဲ့သူတွေ အများကြီးရှိတယ်ဆိုတာလည်း ပေါ်ထွက်လာတာပေါ့နော်” ဟု ၎င်းကဆိုသည်။

မြန်မာအလုပ်သမားများ၏ Name List စာရွက်များမှာ အတုများဖြစ်နေသဖြင့် လုပ်အားခလည်းမရသည့်အပြင် လုံခြုံသော နေရာတွင်လည်း သိုသိုဝှက်ဝှက် ပြန်နေကြရကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် ငွေလိမ်ထွက်ပြေးသွားသော မြန်မာပွဲစားကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။