သတိပေးချက်
June 18, 2025

ထိုင်းတွင် အခြေခံလုပ်အားခများကို တစ်ရက် ဘတ် ၄၀၀ အထိ တိုးမြှင့်သတ်မှတ်

December 24, 2024

December 24, 2024

လာမည့်နှစ်သစ်ကူးဖြစ်သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ထိုင်းနိုင်ငံအတွင်းရှိ သတ်မှတ်ခရိုင်အလိုက် အခြေခံလုပ်အားခများကို တစ်ရက် ဘတ် ၄၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

နှစ်သစ်ကူးတွင် အခြေခံလုပ်အားခတိုးမြင့်ပေးရေးကို ယမန်နေ့ (ဒီဇင်ဘာ ၂၃)တွင် ကျင်းပခဲ့သော အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ပါဝင်သော လုပ်အားခ ကော်မတီအစည်းအဝေးက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ခရိုင်အလိုက် မူလအခြေခံတစ်ရက်လုပ်အားခကို ၇ ဘတ်မှ ၅၅ ဘတ်အထိ ထပ်မံတိုးမြှင့် ပေးလိုက်ခြင်းဖြစ်သည်။

ဖူးခက်၊ ချာချင်စောင်၊ ချွန်ဘူရီ၊ ရယွန်နှင့် စူရတ်ဌာနီခရိုင်ရှိ ကော့စမွေဒေသများတွင် မူလအခြေခံ တစ်ရက်လုပ်အားခကို အများဆုံးဘတ် ၄၀၀ အထိ တိုးမြှင့်ပေးမည်ဖြစ်သည်။

ချင်းမိုင်မြို့နှင့် ဟတ်ယိုင်မြို့များတွင် တစ်ရက်လုပ်အားခ ဘတ် ၃၈၀ အထိ ရရှိမည်ဖြစ်ပြီး ဘန်ကောက်နှင့် မြန်မာအများဆုံးလုပ်ကိုင်နေသော စမွတ်စခွန်၊ စမွတ်ပရကန်နှင့် အနီးခရိုင်များတွင် ၃၇၂ ဘတ်အထိ ရရှိမည်ဖြစ်သည်။

ကျန်သောခရိုင်များတွင် မူလသတ်မှတ်ထားသော လုပ်အားခ၏ ၂ ရာခိုင်နှုန်းကို တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လာမည့်နှစ်မှစ၍ ထိုင်းတွင် တစ်ရက်အခြေခံလုပ်အားခကို ဘတ် ၄၀၀ အထိ တိုးမြင့်နိုင်ရေးကြိုးပမ်းနေသော အာဏာရ Pheu Thai ပါတီ၏ အစီအစဉ်ကို ထိုင်းလုပ်ငန်းရှင်အများစုက ကန့်ကွက်ခဲ့ကြသဖြင့် ခရိုင်အားလုံး ဘတ် ၄၀၀ တိုးရေးအစီအစဉ် ပျက်ပြယ်သွားခဲ့ခြင်းဖြစ်သည်။

Ref: Thai PBS, Bangkok Post