ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချာချင်စောင်ခရိုင်ရှိ မီးကြိုးအဟောင်းစက်ရုံက မြန်မာအလုပ်သမား ၁၈၀ ဦးသည် အလုပ်မှ ရုတ်တရက် ရပ်နားခံလိုက်ရသဖြင့် အခက်အခဲဖြစ်နေကြောင်း အလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသော မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။
လာမည့် ဇွန်လ ၂၈ ရက်တွင် စက်ရုံပိတ်သိမ်းတော့မည်ဟုဆိုကာ အလုပ်သမားများကို ဇွန်လ ၁၅ ရက်မှစ၍ အလုပ်ရှင်ဘက်က ရုတ်တရက် အလုပ်ရပ်နားလိုက်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
အလုပ်ရပ်နားခံရချိန်တွင် အလုပ်သမားများသည် လုပ်အားခ ၁၀ ရက်စာ ရရန်ရှိနေသေးကြောင်း WAG ထံမှ သိရသည်။
ထို့အပြင် အလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) အသစ်နှင့် work permit ဗီဇာသက်တမ်းတိုးကိစ္စများကိုလည်း စက်ရုံနှင့်အတူ ပြုလုပ်ထားပြီး ကုန်ကျစရိတ်ကိုလည်း စက်ရုံသို့ ပေးသွင်းထားပြီးဖြစ်ကြောင်း အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။
စက်ရုံဘက်က အလုပ်သမားများကို ကြိုတင်အကြောင်းကြားခြင်းမရှိ၊ နစ်နာကြေးပေးခြင်းမရှိဘဲ ရုတ်တရက် အလုပ်မှ ရပ်နားလိုက်ခြင်းဖြစ်ပြီး လက်ကျန်လုပ်အားခများကို မထုတ်ပေးသည့်အပြင် ပန်းရောင်ကတ်အသစ်နှင့် ဗီဇာသက်တမ်းတိုး ကိစ္စကိုလည်း တာဝန်ယူပေးခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် အလုပ်သမားများက နေထိုင်ခွင့်စာရွက်စာတမ်း အခက်အခဲများနှင့် ရုတ်တရက် အလုပ်ရပ်နားလိုက်ရသဖြင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်နေကြကြောင်း ကိုမုန်တိုင်းက ပြောဆိုသည်။
“ပိုက်ဆံထွက်မယ့်ရက် မထွက်တော့ အလုပ်သမားတွေက အခန်းငှားနေကြရတာဆိုတော့ အခန်းဖိုးတွေလည်း ခက်ခဲ လာပြီလေ။ အစားအသောက်ကအစ အကုန် ခက်ခဲလာနေကြတယ်။ နောက် စာရွက်စာတမ်းတွေကလည်း အသိမ်းခံ ထားရတော့ ဘယ်မှ သွားလို့ မရကြဘူး။ အပြင်ထွက်တာနဲ့ ပုလိပ် (ရဲ) ဖမ်းနေတယ်။ ဒီကာလက သက်တမ်းတိုးနေတဲ့ အချိန်လည်းဖြစ်နေတော့ ပိုဆိုးတာပေါ့” ဟု ၎င်းက ပြောသည်။

ပုံစာ – အလုပ်ရပ်နားခံရသော မြန်မာအလုပ်သမားများကို ဇွန်လ ၂၄ ရက်နေ့က WAG အဖွဲ့က သွားရောက်ကူညီနေစဉ်။
ဓာတ်ပုံ – WAG
လက်ရှိတွင် အလုပ်သမားများသည် စာရွက်စာတမ်းများနှင့် နေထိုင်ခွင့် ဗီဇာသက်တမ်းတိုးထားချိန်ဖြစ်၍ အလုပ်အသစ်ရှာရန်လည်း အခက်အခဲများ ကြုံတွေ့ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အလုပ်မှ ရပ်နားခံရသော မြန်မာအလုပ်သမားအများစုသည် နှစ်ရှည်အလုပ်သမားများဖြစ်ကြပြီး လုပ်သက် ၂ နှစ်မှ ၈ နှစ်အထိ ရှိကြရာ စက်ရုံဘက်က နစ်နာကြေးပေးခြင်းမရှိကြောင်း WAG ထံမှ သိရသည်။
ထိုင်းရောက်အလုပ်သမားများသည် အလုပ်မှ ရပ်နားခံရပါက လုပ်သက်အလိုက် နစ်နာကြေးကို စက်ရုံဘက်က တာဝန်ယူပေးရမည်ဟု ဥပဒေအရ ပြဋ္ဌာန်းထားသည်။
အလုပ်သမားများ၏ နစ်နာကြေးရရှိရန်၊ လုပ်အားခများ ပြန်လည်ရရှိရန်၊ နားရက်တွင် အလုပ်ဆင်းထားရသော ဖြစ်စဉ် များနှင့် စာရွက်စာတမ်းများ ပြန်လည်ရရှိရန် WAG အဖွဲ့က အလုပ်သမားများနှင့် ပူးပေါင်းပြီး နယ်မြေခံ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ ယနေ့ ဇွန်လ ၂၅ ရက်တွင် သွားရောက်တိုင်ကြားထားပြီး ညှိနှိုင်းနေဆဲဖြစ် ကြောင်း WAG ထံမှ သိရသည်။
ထိုင်းရောက် မြန်မာအလုပ်သမားများသည် အလုပ်ထုတ်ခံရခြင်း၊ လုပ်အားခမရရှိခြင်း၊ စာရွက်စာတမ်များ သိမ်းဆည်း ခံထားရခြင်းကဲ့သို့ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရပါက နီးစပ်ရာ မြန်မာအလုပ်သမား အဖွဲ့အစည်းများထံ အကူအညီတောင်းခံ ဖြေရှင်းသင့်ကြောင်း WAG အဖွဲ့က တိုက်တွန်းထားသည်။