သတိပေးချက်
August 6, 2025

ဘန်ကောက်တွင် ကမ္ဘောဒီးယားဟုထင်ပြီး မြန်မာ ၂ ဦးကိုထိုးကြိတ်

July 25, 2025

July 25, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဈေးထဲတွင် အစားအစာဝယ်နေသော မြန်မာနိုင်ငံသားနှစ်ဦးကို ကမ္ဘောဒီးယားနိုင်ငံသားများဟု ထင်မှတ်ပြီး ထိုင်းနိုင်ငံသားအုပ်စုက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။

ဇူလိုင်လ ၂၄ ရက်နေ့က ရမ်အင်းသရာနယ်မြေရှိ စိုင်းနိတ်ဈေးထဲတွင် အစားအစာ ဝယ်နေသော မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းနိုင်ငံသား မျိုးချစ်အုပ်စုမှ မေးမြန်းခြင်းမရှိဘဲ ထိုးကြိတ်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ထိုင်းမျိုးချစ်အဖွဲ့သည် လိမ္မော်ရောင်အင်္ကျီများ ဝတ်ဆင်ထားသော မြန်မာနိုင်ငံသားများထံ ချဉ်းကပ်လာပြီး ဘယ်နိုင်ငံကလဲဟု မေးမြန်းပြီးနောက် ပြန်လည်ဖြေကြားခွင့်မရှိသေးခင်မှာဘဲ မြန်မာတစ်ဦး၏မျက်နှာကို လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

အထိုးခံရသော မြန်မာနိုင်ငံသားက နေရာမှာပင် လဲကျသွားခဲ့သည်ကို ဗီဒီယိုဖိုင် မှတ်တမ်းအရ သိရသည်။

မျိုးချစ်အုပ်စုဘက်က မည်သည့်နိုင်ငံသားဖြစ်သည်ကို ဆက်လက် မေးမြန်ရာ မြန်မာနိုင်ငံသားဖြစ်ကြောင်း ဖြေကြားပြီးနောက် “အိုကေ။ ကမ္ဘောဒီးယားမဟုတ်ဘူးနော်။ မှန်တယ်မလား” ဟု ဆက်လက်ပြောဆိုပြီး ထွက်သွားခဲ့သည်။

မြန်မာနိုင်ငံသားများ အထိုးခံရမှုကို အလုပ်ရှင်ဖြစ်သူက သိရှိပြီးနောက် ခမ်းနယွန်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်ရန် ကူညီပေးခဲ့သည်။

နယ်စပ်ပဋိပက္ခတွင် ရွှေ့ပြောင်းအလုပ်သမားများ မပါဝင်နေသဖြင့် ယခုလုပ်ရပ်မျိုး ထိုင်းနိုင်ငံသားများ ထပ်မလုပ်ကြဖို့ကိုလည်း တိုက်တွန်းကြောင်း အလုပ်ရှင်၏ ပြောကြားချက်ကို သတင်းတွင် ဖော်ပြသည်။

လက်ရှိတွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ် အငြင်းပွားမှုမှတစ်ဆင့် နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုများကြောင့် ထိုင်းဘက်ခြမ်းတွင် သေဆုံးသူ ၁၄ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၄၆ ဦးအထိ ရှိလာကာ ဒေသခံ တစ်သိန်းကျော်အထိ နေ့ရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

နှစ်နိုင်ငံ ပစ်ခတ်မှုများ ဖြစ်ပြီးနောက် ထိုင်းနိုင်ငံထဲ အလုပ်လုပ်ကိုင်နေသော ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံသား မျိုးချစ်အဖွဲ့က လိုက်လံရှာဖွေနေပြီး ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ ဆက်တိုက်ရှိနေခြင်းဖြစ်သည်။

ယခုမြန်မာနိုင်ငံသားဖြစ်ရပ်မတိုင်မီ ဇူလိုင်လ ၂၄ ရက်နေ့တွင်ပင် ငါးဆိုင်တွင် အလုပ်လုပ်ကိုင်နေသော ကမ္ဘောဒီးယားနိုင်ငံသားနှစ်ဦးကို ထိုင်းလက်ဝှေ့သမားတစ်ဦးက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့သည်။ ယင်းနောက်ပစ်ခတ်မှုများ ရပ်တန့်ပေးရေး ကမ္ဘောဒီးယားဘာသာဖြင့် ပြောဆိုရန် အတင်းအကျပ် စေခိုင်းခဲ့သည်ကို ဗီဒီယိုမှတ်တမ်းအရ သိရသည်။

Ref: The Thaiger