သတိပေးချက်
June 22, 2025

မလေးရှားတွင် တရားမဝင် မြန်မာလုပ်သားများလိုက်ပါသောကား ကားတိုက်မှုဖြစ်၊ တစ်ဦးဒဏ်ရာရ

August 25, 2022

August 25, 2022
Photo: Air Times

မလေးရှားနိုင်ငံ Terengganu ပြည်နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများကို တင်ဆောင် လာသောကားမှာ ကားသုံးစီးဆင့်တိုက်ပြီး မြန်မာအလုပ်သမားတစ်ဦးဒဏ်ရာရကြောင်း မလေးရှားသတင်း ဌာနများတွင် ဖော်ပြသည်။

ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းက တလ်လမ်ဂနူပြည်နယ် ဘယ်စုတ် (Besut) ခရိုင် Kampung Tok Dor အနီးရှိ လမ်ပေါ်တွင် ကားသုံးစီးဆင့်တိုက်မှုဖြစ်ပွားကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများလိုက်ပါလာသော ကားက ယာဉ်မောင်းအိပ်ငိုက်သည်ဟု ယူဆရကာ အရှေ့က ကားကို ဝင်တိုက်မိပြီး အတိုက်ခံရသောကားမှာ မျက်နှာချင်းဆိုင်မှ လာနေသော ကားကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါကားပေါ်တွင် တရားမဝင် မြန်မာအလုပ်သမား ၁၀ ဦး လိုက်ပါလာခဲ့ပြီး ကားတိုက်မှုကြောင့် မြန်မာလုပ်သမား တစ်ဦးနှင့် မလေးရှားနိုင်ငံသား ကားမောင်းသမားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ကျန်မြန်မာအလုပ်သမား ကိုးဦးမှာ ထွက်ပြေးသွားကြောင်း ရေးသားထားသည်။

ထွက်ပြေးသူများအနက် သုံးဦးကို ရွာသားများက ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကာ ကျန်သော မြန်မာအလုပ်သမား ၆ ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးရမိသော မလေးရှားနိုင်ငံသား ကားမောင်းသမားမှာ မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းသည် ယခင်ကလည်း မူးယစ်ဆေးဝါး ပြစ်မှုဟောင်း နှစ်မှု ရှိသူဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများကို ကလမ်တန်ပြည်နယ်မှတဆင့် ပါ့ဟမ်းပြည်နယ်သို့ ပို့ဆောင်ပေးရန် ထိုင်းနိုင်ငံသား တစ်ဦး က မလေးရှား ရင်းဂစ် ၁၂၀၀ဖြင့် ငှားရမ်းခဲ့သည်ဟု ကားမောင်းသမားက ထွက်ဆိုကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဒဏ်ရာရရှိသူ အပါအဝင် ဖမ်းဆီးရမိသော မြန်မာအလုပ်သမားများသည် အသက် ၁၉ နှစ်မှ ၄၇ အရွယ်အထိရှိပြီး လွတ်မြောက်နေသော ၆ ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဘယ်စုတ်ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ဒဏ်ရာရသူများကို ဘယ်စုတ်ဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများကို မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူမည်ဖြစ်ပြီး အရေးယူခံရသူများသည် ထောင်ဒဏ် ၃ လမှ ၈ လအထိ ကျခံရနိုင်ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့များထံမှ သိရသည်။

၂၀၂၂ ခုနှစ် မေလမှ ဩဂုတ်လ ၁၅ ရက်နေ့အထိ မလေးရှားနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှုအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် အဖမ်းဆီးခံထားရသော ရခိုင်ပြည်နယ်မှ မြန်မာအလုပ်သမားအရေအတွက် ၁၀၀၀ ကျော် ရှိကြောင်း Center for Arakan Refugees ၏ ထုတ်ပြန်ချက်အရသိရသည်။

Ref: New Straits Times, Air Times