ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့တွင် လက်နက်ကိုင်ဆောင်ထားသော မြန်မာလူငယ်များက စားသောက်ဆိုင်တစ်ခုထဲ ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန Phuket Times ဖော်ပြသည်။
ဩဂုတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီခန့်က ဖူးခက်မြို့ရှိ ကွေ့တီယိုဆိုင်ထဲသို့ မြန်မာလူငယ်များ ဝင်ရောက်လာပြီး ဆိုင်ထဲ ပစ္စည်းအချို့ကို ဖျက်ဆီးခဲ့ကြောင်း CCTV မှတ်တမ်းများအရ သတင်းတွင် ဖော်ပြသည်။
မြန်မာလူငယ်အဖွဲ့သည် အခြားရန်းငြိုးရှိသောအဖွဲ့တစ်ခုကို လာရောက်ရှာဖွေခြင်းဖြစ်ပြီး အခြားအဖွဲ့ကို မတွေ့ရသဖြင့် ဆိုင်ထဲရှိနေသော ပစ္စည်းများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။
ယင်းအပြင် အဆိုပါလူငယ်အဖွဲ့ထဲက တစ်ဦးက သေနတ်ကဲ့သို့ လက်နက်ကိုလည်း ထုတ်ပြခဲ့ကြောင်း ဖော်ပြထားသည်။
မြန်မာလူငယ်များ ဆိုင်အတွင်း ဝင်ပြီး ဖျက်ဆီးခဲ့သည်ဟု သတင်းထွက်လာပြီးနောက် ထိုင်းနိုင်ငံသားများက သတင်းအောက်တွင် မှတ်ချက်ရာချီ ပေး၍ ဝေဖန်မှုများ မြင့်တက်နေခဲ့ခြင်းဖြစ်သည်။
မှတ်ချက်အများစုက မြန်မာနိုင်ငံသားများကို ဖူးခက်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နေရပ်ပြန်ပို့ပေးရန်၊ ဖူးခက်သည် ခရီးသွားနယ်မြေဖြစ်သဖြင့် ထိန်းသိမ်းသင့်ပြီး မြန်မာနိုင်ငံသားများကို ရှာဖွေစစ်ဆေးရန် စသည့် မှတ်ချက်များစွာဖြင့် ဝေဖန်မှုများမြင့်တက်လာနေခဲ့သည်။
CCTV မှတ်တမ်းအရ လူငယ်အချို့ ဆိုင်ကယ်များနှင့်အတူ လာပြီး ဆိုင်ထဲဝင်လာသည်ကို တွေ့ရသည်။
ဆိုင်အတွင်း ဝင်ရောက်ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကို မဖော်ပြထားသလို လူငယ်များသည် မြန်မာနိုင်ငံသား ဟုတ်မဟုတ် အတည်မပြုနိုင်သေးပေ။
လက်ရှိတွင် ဆိုင်အတွင်း ဝင်ရောက်ဖျက်ဆီးခဲ့သော လူငယ်များကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: Phuket Times