သတိပေးချက်
August 25, 2025

မဲဆောက်ဈေးတွင် မြန်မာအချင်းချင်း နှစ်ရက်ဆက် ရန်ဖြစ်သဖြင့် ဖမ်းဆီး စစ်ဆေး

August 25, 2025

August 25, 2025
ပုံစာ - ယနေ့ အာဏာပိုင်များ မဲဆောက်မြို့ရှိ ဖာဂျရွန်းဈေးထဲ ဝင်ရောက် စစ်ဆေးနေစဉ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဈေးထဲတွင် မြန်မာနိုင်ငံသားများအချင်းချင်း နှစ်ရက်ဆက်တိုက် ရန်ဖြစ်ပြီးနောက် ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး ဈေးထဲကိုလည်း စစ်ဆေးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဩဂုတ်လ ၂၃ရက်တွင် အဆိုပါဈေးထဲ၌ မြန်မာဈေးသည်အချင်းချင်း ရန်ဖြစ်ခဲ့ပြီးနောက် အဆိုပါဖြစ်ရပ် ရုပ်သံသည် ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာခဲ့ရာမှ လူအများကြား ဝေဖန်ပြောဆိုမှု မြင့်တက်လာကြောင်း သတင်းတွင် ဖော်ပြသည်။

နောက်တစ်ရက် ဩဂုတ်လ ၂၄ရက်တွင်လည်း မြန်မာစျေးသည်များ အချင်းချင်း ရန်ဖြစ်ကြပြီး အဆိုပါရန်ပွဲတွင် တုတ်များ ကိုင်ဆောင်ကာ အုပ်စုလိုက်ပါဝင်လာသဖြင့် ဈေးထဲ ဈေးဝယ်သူများ နည်းပါလာသလို ဈေးဝယ်သူနှင့် ယာဉ်အသွားအလာ များအတွက် ခက်ခဲခဲကြောင်း ဆိုသည်။

ဩဂုတ်လ ၂၄ရက်က ရန်ပွဲတွင်ပါဝင်ခဲ့သော မြန်မာနိုင်ငံသားခြောက်ဦးကို မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြသည်။

၎င်းတို့အနက် အချို့မှာ တရားဝင် အထောက်အထားမရှိကြောင်း ဆိုသည်။

အများပြည်သူနေရာတွင် ခိုက်ရန်ဖြစ်ပွားမှု၊ အများပြည်သူများကို စိတ်အနှောင့်အယှက်ဖြစ်စေမှုနှင့် လုပ်ပိုင်ခွင့်ထက် ကျော်လွန် လုပ်ကိုင်နေမှုများဖြင့် မြန်မာစျေးသည် ခြောက်ဦးကို တရားစွဲထားကြောင်း ဖော်ပြသည်။

ယနေ့ ဩဂုတ်လ ၂၅ရက် နံနက်ပိုင်းတွင် အာဏာပိုင်များက ဈေးထဲရှိ ဈေးသည်များ လမ်းမပေါ် မရောင်းချရန်နှင့် ဈေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါဈေးသည် မဲဆောက်မြို့ထဲရှိ ဖာဂျရွန်းဈေးဖြစ်ပြီး မြန်မာနိုင်ငံသားများစွာ ဈေးရောင်းချနေသော ဈေးဖြစ်ကြောင်း သိရသည်။

ယနေ့ ဝင်ရောက်စစ်ဆေးစဉ်တွင် ဈေးဧရိယာမဟုတ်ဘဲ လမ်းမပေါ်တွင် ကျူးကျော်ရောင်းချနေသော ထိုင်းဈေးသည်၊ မြန်မာဈေးသည်များ၏ ကုန်ပစ္စည်းများကို သိမ်းယူခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

နောက်ထပ် မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံသားများ၏ အလုပ်ကို ဝင်ရောက်လုပ်ကိုင်နေသည်ဟု တိုင်ကြားချက် ရရှိထားသဖြင့် ဆက်လက် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Thairath, Matichon Online