သတိပေးချက်
September 25, 2025

CI မှ ပတ်စပို့ ပြောင်းလျှောက်သူများကို ထိုင်းတွင်သာ အသုံးပြုခွင့်ရှိကြောင်း တံဆိပ်တုံးထုပြီး ထုတ်ပေး

September 25, 2025

September 25, 2025

ထိုင်းတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI စာအုပ်) ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများ နိုင်ငံကူး လက်မှတ် ပြောင်းလဲလျှောက်ထားရာတွင် ထိုင်းတစ်နိုင်ငံတည်းတွင် အသုံးပြုခွင့်ပြုဆိုသည့် တံဆိပ်တုံးထုကာ ထုတ်ပေး ကြောင်း ဗီဇာဝန်ဆောင်မှုလုပ်ကိုင်သူများနှင့်ကိုယ်တိုင်ကြုံရသူများထံမှ သိရသည်။

CI စာအုပ်မှာ ထိုင်းနိုင်ငံတွင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသားများကို ပြုလုပ်ပေးသည့် သက်သေခံလက်မှတ် တစ်ခုဖြစ်သည်။

နိုင်ငံကူးလက်မှတ် (ပတ်စပို့) ပြောင်းလျှောက်ပြီးနောက် စက်တင်ဘာလ ၂၄ ရက်တွင် စာအုပ်ပြန်ရစဥ် Passport for Thailand only တံဆိပ်တုံး ထုထားသည်ကို တွေ့ရကြောင်း ကိုယ်တိုင်ကြုံရသည့် ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

ဗီဇာနှင့် ပတ်စပို ဝန်ဆောင်မှုလုပ်ကိုင်နေသည့် လုပ်ငန်းများ၏ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း မဟာချိုင်ဒေသတွင် စာအုပ်ပြောင်းလျှောက်သူများတွင် ယင်းသို့ တံဆိပ်တုံးများ စထုပေးနေကြောင်း ဖော်ပြနေကြသည်ကို တွေ့ရသည်။

လက်တလောတွင် CI စာအုပ်မှ နိုင်ငံကူးလက်မှတ် ပြောင်းသူများတွင်သာ ယင်းတံဆိပ်တုံးပါလာသည်ကို တွေ့ရပြီး နိုင်ငံကူးလက်မှတ် သက်တမ်းပြန်တိုးသူများတွင်မူ ယင်းသို့ တံဆိပ်တုံး ထုခံရခြင်းရှိ မရှိကိုမူ မသိရသေးကြောင်း ဗီဇာဝန်ဆောင်မှုဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

“စာအုပ်အနီ သက်တမ်းတိုးသူတွေအတွက်လည်း ဖြစ်ရင်လည်း ဖြစ်လောက်ပါတယ်။ ဒါပေမဲ့ သံရုံးကအတိအကျ စာထုတ်မှပဲ သိရမှာပါဗျ။ PJ (အလုပ်အကိုင်အမျိုးအစား နိုင်ငံကူးလက်မှတ်) ပဲ ပြောင်းရင်တော့ ဖြစ်နိုင်လောက်တယ်။ အတိကျတော့ မပြောနိုင်သေးပါဘူးဗျ” ဟု ၎င်းကပြောသည် ။

ယင်းအခြေအနေအားသိရှိနိုင်ရန် မဟာချိုင်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနစိတ် (TDCC) ထံ Dawei Watch က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အဆက်အသွယ် မရသေးပေ။

ဘန်ကောက်အခြေစိုက် မြန်မာ အလုပ်သမားသံအရာရှိထံ မေးမြန်းရာတွင်မူ ၎င်းအနေဖြင့် အသေးစိတ်မသိရသဖြင့် နေပြည်တော်ရှိ ရုံးချုပ်သို့သာတိုက်ရိုက်မေးမြန်းရန် ဖြေကြားသည်။

ထိုင်းတစ်နိုင်ငံတည်းတွင်သာ အသုံးပြုခွင့်ရှိလျှင် အဆိုပါ နိုင်ငံကူးလက်မှတ်မှာ CI စာအုပ်ကဲ့သို့သာ အသုံးဝင်တော့မည်ဖြစ်ပြီး အခြားနိုင်ငံများသို့ ခရီးသွားလာခွင့်ရတော့မည် မဟုတ်ကြောင်း ဗီဇာဝန်ဆောင်မှု လုပ်ငန်းလုပ်နေသူများက ပြောဆိုကြသည်။