ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၂၀၀ ကျော်၏ လုပ်အားခ ဘတ် ၆သန်းကျော်ကို ထုတ်မပေးဘဲ ကမ္ဘောဒီးယား အလုပ်သမားခေါင်းဆောင်က ထွက်ပြေးသွားကြောင်း အလုပ်သမားများနှင့် Union Brothers ပြည်သူ့အကျိုးဆောင် အဖွဲ့ထံမှ သိရသည်။
ရယောင်ခရိုင် နိခုံးဖတ်ထနာဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၃၇ ဦး၏ လုပ်အားခ နှစ်လစာကျော်ကို အလုပ်သမားခေါင်းဆောင်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံသားက ယူဆောင်၍ ယခုရက်ပိုင်းအတွင်း အဆက်အသွယ်ဖြတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း အလုပ်သမားများက ပြောသည်။
မြန်မာအလုပ်သမားများကို အလုပ်သမားခေါင်းဆောင်က ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ လုပ်အားခ ထုတ်ပေးခဲ့ခြင်းမရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
အချိန်နှစ်လကျော်အကြာတွင် အလုပ်သမားတစ်ဦးလျှင် လုပ်အားခ ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ ကျော်အထိ ရရှိရန် ရှိနေပြီး စုစုပေါင်းဆိုလျှင် ဘတ် ၆ သန်းကျော်အထိ ရှိနေကြောင်း Union Brothers အဖွဲ့က ကိုမိုက်ကယ်က ပြောဆိုသည်။
“သူဌေးရှိနေတယ်လေ။ ဖိုးလမောင်း (အလုပ်သမားခေါင်းဆောင်) မရှင်းပေးရင်တောင် သူဌေးက ရှင်းပေးရမှာလေနော်။ သူဌေးက တာဝန်ယူထားတယ်ဆိုတော့။ အခုက ဖိုးလမောင်းကို ဆက်သွယ်လို့ မရတော့ဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် သူဌေးဖြစ်သူကလည်း အလုပ်သမားများ၏ လုပ်အားခကို တာဝန်မယူသည့်အပြင် လုပ်အားခတောင်းခံခဲ့သော မြန်မာအလုပ်သမား ၂၃၇ ဦးကို အလုပ်မှ ထုတ်လိုက်ကြောင်း ကိုမိုက်ကယ်က ဆိုသည်။
လုပ်အားခ နှစ်လစာ မရရှိသည့်အပြင် အလုပ်ပါအထုတ်ခံလိုက်ရသဖြင့် လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် ဒုက္ခရောက်နေကြကြောင်း အလုပ်သမားများက ပြောဆိုသည်။
မြန်မာအလုပ်သမားများက ထိုင်းအလုပ်သမားရုံး (ဆဝါဒီကန်) ကို တိုင်ကြားမည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကလည်း ကူညီဖြေရှင်းပေးရန် အလုပ်သမားများက တောင်းဆိုထားသည်။