သတိပေးချက်
December 23, 2024

ငွေလိမ်ခံရမှုများလာ၍ အလုပ်မရခင် ငွေကြိုမပေးရန် ထိုင်းရောက် မြန်မာများကိုတိုက်တွန်း

November 25, 2024

November 25, 2024
ပုံစာ - စက်ရုံရှေ့တွင် မြန်မာအလုပ်သမားများ နိုဝင်ဘာလ ၂၀ရက်က တောင်းဆိုနေကြစဉ်။ ဓာတ်ပုံ - Khaosod English

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများသည် ဘတ်ငွေသန်းချီအထိ အလိမ်ခံရမှုများ ရှိလာရသဖြင့် အလုပ်မရခင် အလုပ်လျှောက်ထားခများကို ကြိုမပေးကြရန် အလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းလိုက်သည်။

ပြီးခဲ့သော နိုဝင်ဘာလ ၂၀ ရက်နေ့က မဟာချိုင်ရှိ စက်ရုံတစ်ခုတွင် အလုပ်ရရန် မြန်မာအလုပ်သမားများသည် အလုပ်လျှောက်ထားခနှင့် စာရွက်စာတမ်းကြေးများအတွက် ဘတ်ငွေ သိန်းဆယ်ချီ ကြိုတင်ပေးဆောင်ခဲ့သော်လည်း ထိုင်းအမျိုးသမီးနှစ်ဦးက လိမ်လည်ယူဆောင်၍ ထွက်ပြေးသွားခဲ့သည်။

ယင်းသတင်းကို Dawei Watch ကလည်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖော်ပြထားပြီးဖြစ်သည်။

အလုပ်လက်မဲ့ဖြစ်နေသော မြန်မာအလုပ်သမားအများစုက အလုပ်ရရေး ရှိစုမဲ့စု ငွေကြေးများကို ရှာဖွေချေးငှား၍ ပေးလိုက်ခြင်းဖြစ်သော်လည်း လိမ်လည်ခံလိုက်ရသဖြင့် ထပ်ဆင့် ဒုက္ခရောက်နေကြကြောင်း AAC မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

ထို့ကြောင့် အလုပ်ရှာဖွေချိန် အလုပ်ရရန် မသေချာပါက မြန်မာအလုပ်သမားများအနေဖြင့် ပွဲစားများကို ငွေကြိုတင်မပေးကြရန်နှင့် အကယ်၍ ကြိုတင်ပေးရမည်ဆိုပါကလည်း ဘဏ်မှတစ်ဆင့် ငွေပေးထားသော သက်သေများကို ယူဆောင်ထားကြရန် ဒါရိုက်တာ ဦးခိုင်ကြီးက သတိပေးသည်။

“ငွေလိမ်မှုတွေက တိုင်တဲ့အခါ နှစ်နဲ့ချီကြာတယ်။ ဘဏ်အကောင့်ထဲ ငွေမလွှဲပေးလို့ရယ် ဘယ်လောက်ပဲ အလိမ်ခံရ ခံရ လိမ်လည်မှုတွေက ချက်ချင်းအရေးယူဖို့ ခက်တယ်။ ဒါကြောင့် အလုပ်သမားတွေ မျက်ကန်းမယုံကြပါနဲ့ပေါ့” ဟု ဦးခိုင်ကြီးက ဆိုသည်။

လက်ရှိ မြန်မာသံရုံးဘက်ကလည်း မြန်မာအလုပ်သမားများအပေါ် အကာအကွယ်ပေးမှု နည်းပါးနေသဖြင့် ပွဲစားအယောင်ဆောင် ငွေကြေးလိမ်လည်သမားများက အလုပ်လက်မဲ့ဖြစ်နေသော မြန်မာအလုပ်သမားများကို ပစ်မှတ်ထား လိမ်လည်လာနေကြောင်း ၎င်းက ဆိုသည်။

မဟာချိုင်က မြန်မာအလုပ်သမားများထံမှ ငွေလိမ်သွားသော ထိုင်းအမျိုးသမီးနှစ်ဦးကို အမှုဖွင့်ထားပြီးဖြစ်သော်လည်း ညှိနှိုင်း၍မရဘဲ တရားရုံးတက် ဖြေရှင်းရမည်ဆိုပါက အမှုသည် နှစ်ချီ ကြာမြင့်စွာ ရင်ဆိုင်ရနိုင်ကြောင်း ဦးခိုင်ကြီးက ဆိုသည်။

လက်ရှိတွင် မဟာချိုင်ဒေသ၌ အလုပ်မရှိသေးသော မြန်မာအလုပ်သမားများက အလုပ်တစ်ခုရရန် ကြိုးပမ်းနေကြရကြောင်း ငွေလိမ်ရန် ကြိုးစားသူများမှာ ထိုင်းနိုင်ငံသားများထက် မြန်မာအချင်းချင်း ပိုများလာနေကြောင်း Labour Rights Foundation အဖွဲ့က ကိုဇော်က ပြောသည်။

“(မြန်မာအလုပ်သမား) အချို့က ဘာမှမသိဘူးလေ။ တစ်ယောက်က ပြောတာနဲ့ နောက်တစ်ယောက်က ပိုက်ဆံသွားသွင်းလိုက်ပြီ။ သေချာမလေ့လာကြဘူး။ အဲလိုမျိုးမှာ မြန်မာအချင်းချင်း အလိမ်ခံရတာ ပိုများလာတာပဲ” ဟု ကိုဇော်က ဆိုသည်။

ငွေကြေးများ အလိမ်မခံရရန် မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်လျှင်ဖြစ်စေ၊ အလုပ်ရှာဖွေလျှင်ဖြစ်စေ အလုပ်ရှင်ပြောင်းလဲလျှင်ဖြစ်စေ ပွဲစားများနှင့် ပြုလုပ်မည်ဆိုပါက ယင်းပွဲစား၏ နောက်ကြောင်းကို ဂဃနဏ သိအောင် အရင်စုံစမ်းပြီးမှ လုပ်ဆောင်သင့်ကြောင်း အလုပ်သမားအဖွဲ့အစည်းများက တိုက်တွန်းထားသည်။