ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ ပါတောင်ကမ်းခြေ၊ မာလင်တောင်ဘက်ခြမ်းတွင် ခရုကောက်သွားသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး ရေထဲပြုတ်ကျကာ ရေနစ်သေဆုံးသွားကြောင်း နာရေးကိစ္စ ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
သေဆုံးသူသည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာအုပ်စု၊ ခေါင်ပြန်ရွာမှ ကိုလုံးလုံး ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုသည်။
မေလ ၂၄ ရက် ညနေပိုင်းတွင် ကိုလုံးလုံးသည် သူငယ်ချင်းနှစ်ဦးနှင့်အတူ မာလင်တောင်ဘက်ခြမ်းတွင် ငါးဖမ်း၊ ခရုကောက်ရင်း လှိုင်းရိုက်ခတ်မှုကြောင့် ရေထဲပြုတ်ကျကာ ရေစီးနှင့်မျောပါ ပျောက်ဆုံးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောပြသည်။
“ပြုတ်ကျချိန်မှာ အဖော်တွေရှိနေပေမယ့် လှိုင်းလေကလည်း ကြမ်းနေတဲ့အချိန်ဖြစ်လို့ ပြန်ဆယ်မမီဘဲ ဖြစ်သွားတယ်။ တစ်ရက်နီးပါး ပျောက်ပြီးမှ ရေထဲမှာပဲ ပြန်ပေါ်လာတယ်။ သေဆုံးသူက ရေမကူးတတ်ဘူးလို့သိရတယ်” ဟု နာရေးကိစ္စ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကပြောသည်။
မေလ ၂၅ ရက် ညနေပိုင်းတွင် ပင်လယ်မှ ရုပ်အလောင်း ပြန်ပေါ်လာခဲ့ပြီး ဖူးခက်ကူဆင်သမ်ဖောင်ဒေးရှင်မှ ကယ်ဆယ်ရေးသမားများက ညနေ ၆နာရီဝန်းကျင်တွင် အလောင်းကို ဆယ်ယူနိုင်ခဲ့ကာ ပါတောင်ဆေးရုံ ရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့သည်။
သေဆုံးသူမိသားစု နှင့် အဆက်အသွယ်ရရှိပြီဖြစ်ပြီး သင်္ဂြိုဟ်နိုင်ရန် အလောင်းထုတ်ယူနိုင်ရေး ကိစ္စများကို ယနေ့ မေလ ၂၆ ရက် နေ့လယ်ပိုင်း၌ ဆောင်ရွက်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများ ထံမှသိရသည်။