ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းထဲ နေထိုင်နေသော မြန်မာနိုင်ငံသားများကို တရားဝင် အလုပ်လုပ်ခွင့်ပြုရန် ထိုင်းအစိုးရအဖွဲ့က ယနေ့ (ဩဂုတ် ၂၆) အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
နယ်စပ်ဒေသ ဒုက္ခသည်စခန်းများထဲက မြန်မာနိုင်ငံသားများကို ပထမဆုံးအကြိမ် ထိုင်းအစိုးရက အလုပ်လုပ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ဒုက္ခသည်စခန်းများထဲက မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့်ပြုလိုက်ခြင်းသည် ဒုက္ခသည်အရေး လှုပ်ရှားနေမှုများအတွက် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ခဲ့ကြောင်း ဒုက္ခသည်အရေးလှုပ်ရှားနေသူ ထိုင်းနိုင်ငံသား Chawaratt Chawarangkul က Facebook စာမျက်နှာတွင် ရေးသားထားသည်။
“ဒုက္ခသည်တွေကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို မြင်နေတာတွေ မရှိတော့ဘူး။ ဒါက တိုင်းပြည်တိုးတက်ရေးအတွက် အားတစ်ခုဖြစ်တယ်” ဟု Chawaratt Chawarangkul က ရေးသားထားသည်။
ယခု ဒုက္ခသည်စခန်းများထဲက မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့်ပြုလိုက်ခြင်းသည် စခန်းတည်ထောင်ပြီး နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ထိုင်းနိုင်ငံသားများထံမှ သိရသည်။
မြန်မာဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ခွင့်ပြုခြင်းသည် ထိုင်းနိုင်ငံအတွက် လုံခြုံရေး၊ အလုပ်သမားလိုအပ်ချက်၊ စီးပွားရေး၊ ပြည်သူ့ကျန်းမာရေး၊ နိုင်ငံတကာဆက်ဆံရေးများအတွက် များစွာ အကျိုးရှိကြောင်း ပြည်ထဲရေးဝန်ကြီး Phumtham Wechayacha က ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံထဲ အလုပ်သမားလိုအပ်ချက်များစွာ ရှိနေသဖြင့် မြန်မာနိုင်ငံသားများကို အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အလုပ်သမားများအတွက် ကျန်းမာရေးစစ်ဆေးခြင်းအားဖြင့် ထိုင်းပြည်သူ့ကျန်းမာရေးစနစ်အတွက် တိုးတက်စေပြီး လူ့အခွင့်အရေးစံနှုန်းများအရ နိုင်ငံတကာဆက်ဆံရေးတွင်လည်း ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိတွင် ဒုက္ခသည်စခန်းထဲက မြန်မာနိုင်ငံသားများကို အလုပ်လုပ်ခွင့်ပြုရန် အတည်ပြုထားခြင်းဖြစ်ပြီး နောက်ဆက်တွဲ လုပ်ငန်းစဉ်အသေးစိတ်ကိုမူ တိတိကျကျမသိရသေးပေ။
ယခုအစိုးရအဖွဲ့၏ အတည်ပြုချက်ကို ထိုင်းဘုရင်ထံ ပေးပို့သွားမည်ဖြစ်ပြီး ထိုင်းဘုရင်က လက်မှတ်ထိုးအတည်ပြုပြီးပါက အသက်ဝင်လာမည်ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး ယခုနှစ် မေလအထိ ဒုက္ခသည်ဦးရေ ၁ သိန်းကျော်ရှိသည်။
Ref: The Reporter