ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆေးရုံသို့ ကလေးမွေးရန်လာသော မြန်မာကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးသည် အငှားယာဉ် (တက္ကစီ) ပေါ်တွင် ကလေးမွေးဖွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
စက်တင်ဘာလ ၂၅ ရက် နေ့လယ်ပိုင်းက မြန်မာအမျိုးသမီးသည် ဗဂျီရာဆေးရုံသို့ ကလေးမွေးရန်လာစဉ် အငှားယာဉ်ပေါ်တွင် ဗိုက်နာလာပြီး ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ၂၄ရက်က ဗဂျီရာဆေးရုံရှေ့ မြေပြိုထားသဖြင့် လမ်းကြောင်းပိတ်နေသည့်အတွက် မြန်မာကိုယ်ဝန်သည်အမျိုးသမီး လိုက်ပါလာသည့် အငှားယာဉ်ကို လမ်းကြောင်းရှင်းပေးရန် ရဲတပ်ဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း ဖော်ပြသည်။
အငှားယာဉ် ဆေးရုံသို့ အမြန်ရောက်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့က လမ်းကြောင်းရှင်းပေးခဲ့သော်လည်း မြန်မာအမျိုးသမီးသည် လမ်းပေါ်တွင်ပင် ဗိုက်နာလာခဲ့ပြီး ဆေးရုံသို့ ဆက်သွားရန် မဖြစ်နိုင်တော့ဟုဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။
မြန်မာအမျိုးသမီးသည် ယာဉ်ထိန်းရဲများ၏ အရေးပေါ်အကူအညီဖြင့် အငှားယာဉ်ပေါ်တွင်ပင် ကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း ဆိုသည်။
အရေးပေါ်ကား ရောက်ရှိလာချိန်တွင် ကလေးနှင့် မိခင်နှစ်ဦးစလုံးကို ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိတွင် ကလေးနှင့် မိခင်နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ပြီး ကလေးမှာ မိန်းကလေးဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာအမျိုးသမီး ကားပေါ်တွင် ကလေးမွေးဖွားနိုင်ရေး ကူညီဆောင်ရွက်ပေးသော ကားသမားနှင့် ယာဉ်ထိန်းရဲကို ထိုင်းပြည်သူအများစုက ဆိုရှယ်မီဒီယာပေါ်တွင် ချီးကျူးထားကြကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Khaosod, Thairath