သတိပေးချက်
December 23, 2024

ချင်းမိုင်တွင် MoU မြန်မာလုပ်သားများ လုပ်အားခ ဘတ် ၄ သိန်းကျော်မရ

October 26, 2024

October 26, 2024
ပုံစာ - လုပ်အားခမရရှိသော MoU မြန်မာလုပ်သားများ (WAG)

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော MoU မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၄ သိန်းကျော် မရရှိသဖြင့် အခက်အခဲဖြစ်နေကြကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်ဖြင့် မြန်မာအလုပ်သမား ၁၆ ဦးကို မြန်မာအေဂျင်စီဖြစ်သော GREAT SILVER LAND အေဂျင်စီက နှစ်နှစ်စာချုပ်ဖြင့် ပြီးခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့တွင် ဘန်ကောက်မြို့သို့ လေကြောင်းလိုင်းမှတစ်ဆင့် စေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

မြန်မာအလုပ်သမားများကို ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုထားသော်လည်း ဒွန်မောင်းလေဆိပ်ရောက်သောအခါ ထိုင်းအလုပ်ရှင်ဖြစ်သူက ၎င်းတွင် အလုပ်မရှိသေးသဖြင့် ချင်းမိုင်ရှိ SMC ဆောက်လုပ်ရေးဆိုဒ်တွင် ခေတ္တသွားရောက်လုပ်ကိုင်ကြရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အလုပ်သမားများသည် ယင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဩဂုတ်လက အလုပ်စဆင်းခဲ့ပြီးနောက် ပထမ ၁၅ ရက်စာအတွက် လုပ်အားခ ရှင်းပေးခဲ့သော်လည်း နောက်ထပ် ဩဂုတ်လ ၁၅ ရက်စာနှင့် စက်တင်ဘာလ ၁ လစာ လုပ်အားခ ၄၅ ရက်စာကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့အထိ မရှင်းပေးသေးကြောင်း အလုပ်သမားများက ဆိုသည်။

“ဒီနှစ်လခွဲထဲမှာ ပိုက်ဆံတစ်ပြားမှ မထုတ်ပေးခဲ့ဘူး။ ညီမတို့မှာ စားဝတ်နေရေးဆို တော်တော်ခက်ခဲနေတယ် အစ်ကိုရယ်။ အလုပ်ရှင်ကလည်းပြောနေပြီ။ ဒီတစ်ရက်နှစ်ရက်အတွင်း နေရာကနေ ဖယ်ပေးဖို့။ အလုပ်မရှိတဲ့သူတွေအတွက် နေရာမရှိဘူးလို့ ပြောနေပြီ။ သွားစရာလည်း မရှိ။ တော်တော်ကို ဒုက္ခရောက်နေကြတာ” ဟု အမျိုးသမီးအလုပ်သမားတစ်ဦးက ဆိုသည်။

စက်တင်ဘာလအထိ လုပ်အားခမရသည့်အပြင် အောက်တိုဘာတစ်လလုံး အလုပ်မဆင်းရကြောင်း၊ အလုပ်မဆင်းသဖြင့် အလုပ်ရှင်ကလည်း အလုပ်သမား တန်းလျားများမှ ဖယ်ပေးရန် ပြောဆိုထားသဖြင့် နေဖို့နေရာပါ အခက်တွေ့လာတော့မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အမျိုးသမီးများက တစ်ဦးလျှင် ဘတ် ၁၈၀၀၀ ကျော်နှင့် အမျိုးသားများ ဘတ် ၂၅၀၀၀ ကျော် လုပ်အားခ ရရှိမည်ဖြစ်သဖြင့် အားလုံးပေါင်း ဘတ် ၄ သိန်း‌ကျော် ရရန်ရှိနေကြောင်း အလုပ်သမားများထံမှ သိရသည်။

လုပ်အားခများကို ရှင်းပေးရန် ထိုင်းအလုပ်ရှင်များနှင့် အေဂျင်စီကို ပြောကြားခဲ့သော်လည်း ယနေ့အထိ ဖြေရှင်းပေးခဲ့ခြင်းမရှိသဖြင့် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံသို့ လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

“အလုပ်ရှင်ကို ဖုန်းဆက်မေးတော့ ကြားခံပွဲစားက ငွေတွေကြိုယူပြီး ထားခဲ့တယ်လို့ပြောတယ်။ ဒါကြောင့် ဒီငွေတွေ ပြန်မရမချင်း လုပ်အားခကို မပေးနိုင်သေးဘူးဆိုတဲ့သဘောပေါ့” ဟု ကိုမုန်တိုင်းက ဆိုသည်။

အလုပ်ရှင်ဘက်က ကြိုတင်ငွေယူထုတ်သွားသောသူသည် မြန်မာကြားခံပွဲစားလား တရားဝင်အေဂျင်စီက ကိုယ်စားလှယ်လားကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးဘဲ နယ်မြေကွင်းဆင်းစစ်ဆေးပြီးမှသာ သိနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အလုပ်သမားများသည် လုပ်အားခမရသည့် ပြဿနာအပြင် ကြားခံပွဲစားတစ်ဦး၏ ရောင်းစားခံလိုက်ရသည့် အနေအထားအထိ ဖြစ်နေကြောင်း ကိုမုန်တိုင်းက ကနဦး ကောက်ချက်ချထားသည်။

မြန်မာအလုပ်သမားများ လုပ်အားခမရရှိသည့်ဖြစ်ရပ်နှင့်ပက်သက်၍ စေလွှတ်ခဲ့သော GREAT SILVER LAND အေဂျင်စီထံသို့ ယနေ့ နေ့လယ်ပိုင်းနှင့် ညနေပိုင်းများတွင် ဖုန်းဆက်မေးမြန်းရာ ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပေ။