သတိပေးချက်
December 23, 2024

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ကြိတ်စက်ထဲ လက်ဝင်သွား၍ အရေးပေါ်ကယ်ဆယ်

November 26, 2024

November 26, 2024

ထိုင်းနိုင်ငံ နခွန်နယွတ်ခရိုင်ရှိ ဝက်သားဆိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦး အလုပ်လုပ်နေရင်း မတော်တဆဖြစ်ပြီး အသားကြိတ်စက်ထဲ လက်ဝင်သွားသဖြင့် အရေးပေါ် ကယ်ထုတ်ခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပြီးခဲ့သော နိုဝင်ဘာလ ၂၄ ရက်နေ့က နခွန်နယွတ်စည်ပင်သာယာဈေးထဲက ဝက်သားဆိုင်တွင် လုပ်ကိုင်နေသော မြန်မာလူငယ်အမျိုးသားတစ်ဦးသည် အသားကြိတ်စက်ထဲ ညာဘက်လက်ဝင်သွားခဲ့သဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို အကူအညီတောင်းခံခဲ့ရသည်။

အသက် ၂၆ နှစ်အရွယ် မြန်မာအလုပ်သမားမှာ ကယ်ဆယ်ရေးများ ရောက်လာသည်အထိ ကြိတ်စက်တွင် လက်ညပ်လျက်အနေအထားဖြင့် စောင့်ဆိုင်းနေကြောင်း၊ စက်ကျွမ်းကျင်သူမှာလည်း အလုပ်မလာသဖြင့် ကယ်ဆယ်ရေး ပိုမိုခက်ခဲခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ကယ်ဆယ်ရေးအဖွဲ့များက ကြိတ်စက်ကို ၂ နာရီခန့်ကြာအောင် တစ်စစီဖြတ်တောက် ကယ်တင်နိုင်ခဲ့ကြောင်း စက်ကို ဖြတ်ထုတ်နေချိန်တွင် မြန်မာအလုပ်သမားက အားနည်းလာကာ နာကျင်နေသဖြင့် ဆေးသွင်းပေးကာ ကယ်ဆယ်ခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် နခွန်နယွတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လက်ချောင်းများမှ လက်ကောက်ဝတ်အထိ ထိခိုက်ဒဏ်ရာရရှိထားပြီး အသေးစိတ်အခြေအနေကို မသိရသေးပေ။

ထိုင်းနိုင်ငံရှိ အလုပ်ရှင် အများစုက အလုပ်သမားများ၏ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်ပြီး စည်းကမ်းချက်များ လိုက်နာမှုအားနည်းသဖြင့် မြန်မာအလုပ်သမားများ တစ်လလျှင် လူဆယ်ချီ ထိခိုက်ဒဏ်ရာရရှိနေကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။

Ref: CH 7, Matichon Online, CH 3 Plus