သတိပေးချက်
February 27, 2026

ထိုင်းတောင်ပိုင်းတွင် ညအချိန် အိမ်ထဲခိုးဝင်သော မြန်မာအမျိုးသားဖမ်းဆီးခံရ

February 27, 2026

February 27, 2026

ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီထမရတ်ခရိုင်တွင် ညသန်းခေါင်အချိန် ခြံထဲကျော်ဝင်လာပြီး နောက်ဖေးမှတစ်ဆင့် အိမ်ထဲ ခိုးဝင်ခဲ့သော မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၁ နာရီခန့်က ခနုံမြို့တွင် မြန်မာအမျိုးသားတစ်ဦးသည် လမ်းဖြတ်ကူး၍ ခြံထဲသို့ ကျော်တက် ကာ ထိုင်းနိုင်ငံသား၏ အိမ်ထဲသို့ ဝင်လာပီး အိမ်နောက်ဖေးက ခိုးဝင်လာခဲ့ကြောင်း CCTV မှတ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံသားသည် အတွင်းခံတစ်ထည်တည်းသာ ဝတ်ဆင်ပြီး အိမ်နံရံကို ကျော်တက်၍ မီးဖိုချောင်ထဲကို ခိုးဝင်ခဲ့သည်ကို တွေ့ရကြောင်း သတင်းတွင် ဖော်ပြသည်။

အဆိုပါနေအိမ်သည် ထိုင်းနိုင်ငံသား အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး နေထိုင်သော အိမ်ဖြစ်နေကြောင်း ဖော်ပြသည်။

အိမ်ရှင်အမျိုးသမီးသည် မီးဖိုချောင်က အသံကြားသဖြင့် အိပ်ပျော်ရာမှနိုးလာပြီး မီးဖွင့်၍ ဝင်ကြည့်ရာ မြန်မာအမျိုးသားကို တွေ့သဖြင့် ကြောက်လန့်ပြီး အော်ဟစ်အကူအညီ တောင်းခံလဲ့ကြောင်း ဆိုသည်။

မြန်မာအမျိုးသားကလည်း ဝင်လာသော အပေါက်မှ ပြန်ထွက်ခဲ့ပြီး ခြံကိုကူး၍ ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။

ယင်းနောက် ရွာသူကြီးနှင့်အတူ အိမ်နီးနားချင်းများက မြန်မာအမျိုးသားကို လိုက်လံရှာဖွေစဉ် ဖမ်းဆီးရမိခဲ့ပြီး မြန်မာအမျိုးသားမှာ အရက်မူးနေသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

အသက် ၃၉ နှစ်အရွယ် အဆိုပါမြန်မာနိုင်ငံသားသည် အနီးရှိ စက်ရုံက အလုပ်သမားတစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံသားကို စစ်ဆေးစဉ် ယခင်ကလည်း အိမ်တစ်ဆောင်ထဲ ခိုးဝင်ပြီး အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး အိပ်နေသော အိမ်အခန်းထဲအထိ ဝင်လာခဲ့ဖူးသူဖြစ်သည်ဟု ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားကို ခနုံရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ညဘက်အချိန် ဖောက်ထွင်းဝင်ရောက်မှု၊ အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုနှင့် အဆောက်အအုံ ပျက်စီးစေမှုဖြင့် ကနဦး အမှုဖွင့်ထားကြောင်း ဖော်ပြသည်။

Ref: CH 7, Khaosod