ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဩဂုတ်လ ၂၇ ရက် နံနက် ၅နာရီခွဲတွင် ကန်ချနဘူရီခရိုင် ထိုးဖားဖမ်းဒေသ၌ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်လာသည်ဟု သတင်းပေးတိုင်ကြားလာသဖြင့် နယ်ခြားစောင့်တပ်က လမ်းတွင် ဂိတ်ချစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
ယင်းသို့ စစ်ဆေးနေချိန် ကားနှစ်စီးမောင်းလာသဖြင့် အာဏာပိုင်များက ရပ်တန့်စစ်ဆေးခံရန် အချက်ပြရာ ကားကို ရပ်တန့်ခြင်း မရှိဘဲ မောင်းပြေးကြောင်း ဆိုသည်။
အာဏာပိုင်များက နောက်က လိုက်လံစစ်ဆေးရာ ကားနှစ်စီးကို တောထဲရှိ လမ်းဆုံးတစ်နေရာ၌ ရပ်နားထားသည်ကို တွေ့ရပြီး ကားမောင်းသူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းများတွင် ဖော်ပြသည်။
ကားပေါ်တွင် မြန်မာနိုင်ငံသားအမျိုးသား ၂၅ဦး၊ အမျိုးသမီး ၁၃ဦး စုစုပေါင်း ၃၈ဦးကို တွေ့ရပြီး အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် ရန်ကုန်မြို့မှတစ်ဆင့် ဘုရားသုံးဆူလမ်းကြောင်းအတိုင်းလာကြပြီး စန်ခရာဘူရီဒေသထဲသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာကြခြင်းဖြစ်ကြောင်း ဆိုသည်။
ပြည်တွင်းတွင် အလုပ်အကိုင်မရှိသဖြင့် ထိုင်းနိုင်ငံထဲ အလုပ်လုပ်နိုင်ရန် ဝင်လာကြပြီး ခရီးစရိတ်အတွက် ဘတ် ၁၅၀၀၀ အထိ ပေးချေရမည်ဖြစ်သည်ဟု မြန်မာများက ထွက်ဆိုထားကြကြောင်း သတင်းများတွင် ဖော်ပြသည်။
လက်ရှိတွင် မြန်မာ ၃၈ ဦးကို ထိုးဖားဖမ်းရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။
ဩဂုတ်လ ၂၅ ရက်ကလည်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၀၀ ဦး ကန်ချနဘူရီခရိုင်ရှိ တောထဲတွင် ဖမ်းဆီးခံခဲ့ရသည်။
Ref: Kanchanaburi news, MGR Online