ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် ယာဉ်နှစ်စီးတိုက်မှုကြောင့် မြန်မာအလုပ်သမားတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ယနေ့ (ဩဂုတ် ၂၇) နံနက် ၂ နာရီခန့်က စမွတ်ပရကန်မြို့ ကန်ချနာဖိစေ့အဝေးပြေးလမ်းမကြီးပေါ်တွင် အလုပ်မှပြန်လာသည့် မြန်မာအလုပ်သမားများပါလာသော ဆူဇူကီးအမျိုးအစားယာဉ်ကို ကုန်တင်ကားက အနောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ အသက် ၄၄ နှစ်အရွယ် ကိုကျော်မျိုးအောင်အမည်ရှိ မြန်မာနိုင်ငံသားသည် နေရာတွင်ပင် သေဆုံးနေကြောင်း တွေ့ရဟုဆိုသည်။
ကားတိုက်မှုကြောင့် နောက်ထပ် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိထားပြီး ၎င်းတို့အနက် တစ်ဦးမှာ ဦးခေါင်းထိခိုက်ထားသဖြင့် သတိမေ့နေကာ စိုးရိမ်ရကြောင်း သတင်းတွင် ဖော်ပြသည်။
ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးကုသပေးပြီး နီးစပ်ရာဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။
မြန်မာအလုပ်သမားများသည် အလုပ်ပြီး၍ မဟာချိုင်မှ ပြန်လာကြခြင်းဖြစ်ပြီး နှစ်ဦးမှာ ကားအရှေ့ခန်းတွင် လိုက်ပါလာကာ နှစ်ဦးမှာ ကားအနောက်တွင် အိပ်၍ လိုက်ပါလာကြောင်း မြန်မာကားသမား၏ ထွက်ဆိုချက်ကို ဖော်ပြသည်။
ဆူဇူကီကားသည် ညာဘက်လမ်းကြောင်းတွင် မောင်းနေစဉ် ကားခေါင်မိုး ပြုတ်ထွက်လာသဖြင့် လမ်းဘေးချရပ်ရန် အရှိန်လျှော့လိုက်စဉ် ကုန်တင်ကားက အနောက်က အရှိန်ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ကားသမား၏ ဖြေကြားချက်ကို ဖော်ပြသည်။
သေဆုံးခဲ့သော မြန်မာအလုပ်သမား၏ အလောင်းကို မှုခင်းဆေးဌာနသို့ ပို့ဆောင်ထားပြီး ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေး မေးမြန်းသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: Top News, Samut Prakan News