သတိပေးချက်
January 11, 2025

ပန်းရောင်ဘတ်အသစ်များ ဒီဇင်ဘာ ၃၀ ရက်မတိုင်ခင် လျှောက်ခွင့်ပေးမည်ဟု ထိုင်းအစိုးရကြေညာ

November 27, 2024

November 27, 2024
ပုံစာ - ပန်းရောင်ဘတ် ကိုင်ဆောင်ထားသည့် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး။ ဓာတ်ပုံ - The Nation Thailand

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် နေထိုင်အလုပ်လုပ်ခွင့်ရရှိစေမည့် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) ကို ဒီဇင်ဘာလ ၃၀ ရက်နေ့မတိုင်ခင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။

အထောက်အထားမဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ပေးရန် ပြီးခဲ့သော စက်တင်ဘာလ ၂၄ ရက်နေ့ ထိုင်းဝန်ကြီးများအစည်းအဝေးတွင် အတည်ပြုထားပြီးဖြစ်သည်။

လက်ရှိတွင် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးကလည်း လက်မှတ်ထိုးပေးပြီးဖြစ်ကာ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်ထံသို့ လက်မှတ်ထိုးရန် တင်သွင်းထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Ms. Traisuli Traisarankul ကဆိုသည်။

အလုပ်လုပ်ခွင့် မှတ်ပုံတင်ပေးမည့်သူများမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်လာသူများ၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးသွားသူများ၊ တရားဝင် ဝင်ရောက်လာပြီး အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသူများ အကျုံးဝင်မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်သော အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

ယာယီနေထိုင် အလုပ်လုပ်ခွင့်ပေးရန် အမည်စာရင်း (Name List) တင်သွင်းမှုများကို ဒီဇင်ဘာလ ၃၀ ရက်နေ့မတိုင်ခင် အလုပ်သမားဝန်ကြီးဌာနက ရက်သတ်မှတ် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အမည်စာရင်းတင်သွင်းမည့် သတ်မှတ်ရက်အတိအကျကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။

အမည်စာရင်းတင်သွင်းသူများသည် အလုပ်လုပ်ခွင့်လက်မှတ် (work permit) ကို ထပ်မံလျှောက်ထားရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၂၀၂၆ ခုနှစ် မတ်လ ၃၁ နေ့အထိ ယာယီအလုပ်လုပ်ခွင့်ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမည်စာရင်းတင်သွင်းသူများအတွက် အသက် ၁၈ နှစ်အောက် သားသမီးများအတွက်ပါ မှီခိုစာရင်းတွင် တင်သွင်းနိုင်ကြောင်း ဖော်ပြထားသည်။

အလုပ်လုပ်ခွင့်လက်မှတ်အသစ်ပြုလုပ်ပေးရန် တော်ဝင်ပြန်တမ်းအရ နိုဝင်ဘာလကတည်းက အကျုံးဝင်နေပြီဖြစ်သော်လည်း ထိုင်းအစိုးရက သတ်မှတ်ရက် နောက်ကျနေခြင်းဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က ကိုမင်းဦးက သုံးသပ်သည်။

“အခုဟာက (ပန်းရောင်) ဘတ်အသစ်လုပ်ပေးမယ်လို့ပဲ ဆက်တိုက်ထုတ်ပြန်နေတယ်။ ဘယ်တော့လုပ်ပေးမယ်ဆိုတာမျိုး တိတိကျကျထုတ်မပြန်ဘူး။ မမဆောင်းလိုဖြစ်နေပြီ။ ဒီဇင်ဘာလမကုန်ခင် ဖွင့်ဖို့တော့ မျှော်လင့်မိတာပဲ” ဟု ကိုမင်းဦးက ဆိုသည်။

ထို့ကြောင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအနေဖြင့် ပန်းရောင်ဘတ်အသစ်ပြုလုပ်ရန် ယုံကြည်စိတ်ချရသော အကျိုးဆောင်များနှင့် ကြိုတင်တိုင်ပင်သင့်ပြီး မိမိနှင့် မသိသော အကျိုးဆောင်များကို ငွေကြေးများ ကြိုတင်မလွှဲကြရန် ကိုမင်းဦးက သတိပေးထားသည်။

အလုပ်သမားဝန်ကြီးဌာနကလည်း အလုပ်လုပ်ခွင့်လက်မှတ်အသစ် ပြုလုပ်ပေးရန် လုပ်ငန်းစဉ်များအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အလုပ်ရှင်များအနေဖြင့် အချက်အလက် စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်ထားကြရန် ညွှန်ကြားထားသည်။

ထို့အပြင် လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမားများကိုလည်း MoU လုပ်ငန်းစဉ်အတိုင်း သက်တမ်းတိုး လုပ်ဆောင်သွားရန် ညွှန်ကြားထားသည်။

MoU လုပ်ငန်းစဉ်အရ သက်တမ်းတိုးမည့် အလုပ်သမားများသည် အလုပ်လုပ်ခွင့် ၂ နှစ် ထပ်မံရရှိမည်ဖြစ်ပြီး‌ နောက်ထပ် နှစ်နှစ် ထပ်မံသက်တမ်းတိုးနိုင်ကြောင်း ဖော်ပြထားသည်။

သက်တမ်းတိုးလုပ်ငန်းစဉ်များကို MoU စနစ်ဖြင့်လုပ်ဆောင်ရမည်ဖြစ်သဖြင့် လုပ်ငန်းစဉ် အဆင့်ဆင့်အတွက် အချိန်ကြာမြင့်မည်ဖြစ်ပြီး ကုန်ကျစရိတ်အတွက် ဘတ် ၁၃၀၀၀ မှ ၁၅၀၀၀ ဝန်းကျင်အထိ အကျိုးဆောင်များက ကြိုတင်ငွေကောက်ခံနေကြကြောင်း အလုပ်သမားများထံမှ သိရသည်။