သတိပေးချက်
September 25, 2025

တရားမဝင် အလုပ်လုပ်နေမှုများကို ထိထိရောက်ရောက် အရေးယူမည်ဟု ထိုင်းအစိုးရဆို

August 28, 2025

August 28, 2025
ပုံစာ - ထိုင်းရောက် မြန်မာအလုပ်သမားများ။ ဓာတ်ပုံ – Matichon Oline

ထိုင်းနိုင်ငံထဲ တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးအရေးယူမှု ပိုမိုလုပ်ဆောင်သွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ချက်ဖြင့် ထပ်မံသတိပေးလိုက်သည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် တားမြစ်ထားသော အလုပ်များကို ဝင်လုပ်နေသော နိုင်ငံခြားသားများကို စစ်ဆေးအရေးယူရန် ရည်ရွယ်ထားကြောင်း ဖော်ပြသည်။

အထူးသဖြင့် ထိုင်းနိုင်ငံသားများအတွက် အလုပ်အကိုင်များကို ထိန်းသိမ်းပေးရန်အတွက် ပိုမိုစစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းစက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက်များစွာ အထောက်အကူပြုနေသော်လည်း တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း အလုပ်သမားဝန်ကြီး Pongkawin Jungrungruangkit က ပြောသည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများကို တွေ့ရှိပါက အလုပ်သမားဝန်ကြီးဌာန၏ အရေးပေါ်ဖုန်းနံပါတ် 1506 သို့ မည်သူမဆို အကြောင်းကြားနိုင်ပြီး ချက်ချင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

အကယ်၍ ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသည်ဖြစ်စေ တားမြစ်ထားသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်နေသည်ဖြစ်စေ ခြွင်းချက်မရှိဘဲ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စသော အလုပ်များတွင် မလုပ်ကိုင်မိစေရန် အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။

အကယ်၍ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသည်ဖြစ်စေ တားမြစ်အလုပ် လုပ်ကိုင်နေသည်ဖြစ်စေ စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံရမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်သည်။

ထို့အပြင် အလုပ်ရှင်များလည်း အလုပ်သမားများကို အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်ခန့်ထားပါက ဒဏ်ငွေ ဘတ် ၁၀၀၀၀ မှ ဘတ် ၁၀၀,၀၀၀ အထိ ပေးဆောင်ရနိုင်ကြောင်း သတိပေးထားသည်။

အလုပ်ရှင်များသည် နောက်တစ်ကြိမ်ကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ်ငွေ ဘတ် ၂ သိန်းအထိ ပေးဆောင်ရနိုင်ပြီး အလုပ်သမားခေါ်ယူခွင့် သုံးနှစ် ပိတ်သိမ်းခံရနိုင်ကြောင်း သတိပေးထားသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ထိုင်းနိုင်ငံအတွင်း တရားဝင် မှတ်ပုံတင်ထားသော မြန်မာအလုပ်သမား ၂ ဒသမ ၉ သန်းကျော်ရှိပြီး ၎င်းတို့အနက် ၁ ဒသမ ၈၂ သန်းမှာ သက်တမ်းတိုး လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: The Nation Thailand, Bangkok Post