သတိပေးချက်
September 2, 2025

ထိုင်းသို့ တရားမဝင် လာသော မြန်မာများ နေ့စဉ်နီးပါး ဖမ်းဆီးခံနေရ

August 28, 2025

August 28, 2025

ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများ နယ်စပ်ဒေသများတွင် နေ့စဉ်နီးပါး ဖမ်းဆီးခံနေရကြောင်း ထိုင်းသတင်းဌာနများနှင့် ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ (ဩဂုတ် ၂၈) နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသ သောင်ရင်းမြစ်အနီးတွင် ပစ်ကပ်ကားသုံးစီးနှင့်အတူ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၂၉ ဦး ဖမ်းဆီးခံရသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၆ ဦး ပါဝင်ပြီး ထိုင်းနိုင်ငံသား ကားသမား သုံးဦးလည်း ပစ်ကပ်ကားသုံးစီးနှင့်အတူ ဖမ်းဆီးခံရသည်။

မြန်မာနိုင်ငံသားများသည် သောင်ရင်းမြစ်မှတစ်ဆင့် မဲဆောက်ဒေသထဲသို့ တရားမဝင် ဝင်လာပြီး ကားသမားများက ဖို့ဖရာ့ဒေသို့ ပို့ဆောင်ရန် စီစဉ်နေစဉ် မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရေး မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြသည်။

ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၈ ဦး ဖမ်းဆီးခံရသေးသည်။

ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင် စိုင်ယွတ်ဒေသတွင် ကားလေးစီးနှင့်အတူ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၃၆ ဦး ဖမ်းဆီးခံရသေးသည်။

ဩဂုတ်လ ၂၅ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီတောထဲတွင် ပုန်းနေသော တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသည့် မြန်မာနိုင်ငံသား ၁၀၀ ဦး ဖမ်းဆီးခံရသေးသည်။

ဩဂုတ်လ ၂၃ ရက်နေ့ကလည်း နခွန်စဝမ်ခရိုင် လယ်ကွင်းထဲတွင် ပုန်းနေသော တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား ၂၆ ဦး ဖမ်းဆီးခံရသေးသည်။

ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ထိုင်းနိုင်ငံအလယ်ပိုင်း ဥတရာဒစ်ခရိုင်တွင် ဗန်ကားများဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၄၉ ဦး ဖမ်းဆီးခံရသေးသည်။

ယခု ဩဂုတ်လအတွင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသား ဖမ်းဆီးခံရမှုသည် ၉၀၀ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း အချက်အလက်စုစည်းမှုအရ သိရသည်။

Ref: Daily News, CH 7