သတိပေးချက်
December 23, 2024

ဘန်ကောက်အနီးတွင် မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရ၊ လက်ဝတ်လက်စားများပျောက်ဆုံး

October 28, 2024

October 28, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြိုအနီး အုန်းနွဲ့ အုန်းယိုင်ဒေသတွင် မြန်မာအမျိုးသမီးတစ်ဦး အခန်းထဲ တစ်ဦးတည်းရှိနေစဉ် အသတ်ခံရပြီး ၎င်းပိုင်ဆိုင်သော လက်ဝတ်လက်စား ရွှေထည်များ ပျောက်ဆုံးနေကြောင်း အဆိုပါအမှုကို လိုက်ပါကူညီ ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

အသတ်ခံရသူသည် အသက် ၃၀နှစ်အရွယ် မသီရိမွန်ဖြစ်ပြီး ဘောပင်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲခန့်က တစ်ဦးတည်းရှိနေစဉ် အမျိုးသားတစ်ဦးက အခန်းထဲသို့ ဝင်သွား ပြီးနောက် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများနှင့် ရဲတပ်ဖွဲ့၏ အမှုစစ်ဆေးမှုများအရ သိရသည်ဟု အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ၏ တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောသည်။

ဦးခေါင်းတွင် ရိုက်နှက်ခံထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး လက်ဝတ်လက်စားများလည်း ပျောက်ဆုံးနေသည်ဟု နီးစပ်သူတို့က ပြောဆိုကြကြောင်း ၎င်းက ဆိုသည်။

သို့သော်လည်း လက်ဝတ်လက်စားများ အရေအတွက်နှင့် တန်ဖိုးအသေးစိတ်တို့ကိုမူ မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာအမျိုးသမီး သေဆုံးမှုနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးရန် WAG အဖွဲ့ကို အဆိုပါအမျိုးသမီး၏ အခန်းအနီး နေထိုင်သူတို့က လာရောက်အကူအညီတောင်းခံသဖြင့် အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေကြောင်း ကိုမုန်တိုင်းက ပြောသည်။

“အခုထိ သူ့ဆွေမျိုးတွေနဲ့ ချိတ်ဆက်နေတုန်း ရှိသေးတယ်ပေါ့နော်။ အမှုက အခုထိ စစ်ဆေးနေဆဲဆိုတော့ အသေးစိတ်တော့ပြောလို့ အဆင်မပြေသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် လူသတ်မှုကို ထိုင်းရဲတပ်ဖွဲ့ထံ တိုင်ကြားထားပြီး CCTV မှတ်တမ်းတွင် တွေ့ရှိသည့် အမျိုးသားကို အမြန်ဆုံး ဖမ်းမိရေး ရဲတပ်ဖွဲ့က ရှာဖွေစုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။