သတိပေးချက်
December 23, 2024

ချင်းမိုင်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ဖမ်းဆီးခံရမှု မြန်မာ ၈ ဦး ပါဝင်

November 28, 2024

November 28, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ထိုင်း-တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၈ ဦးလည်း ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ချင်းမိုင်မြို့အတွင်းနှင့် စန်စိုင်း၊ စန်ကန်ဖေးရပ်ကွက်များရှိ အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည်ဟု သံသယရှိသော အိမ် ၁၁ လုံးကို ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB) က နိုဝင်ဘာလ ၂၆ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အမှုနှင့် သက်ဆိုင်နေသော တရုတ်နိုင်ငံသား ၅ ဦး၊ ထိုင်းနိုင်ငံသား၂ ဦးနှင့်အတူ မြန်မာနိုင်ငံသား ၈ ဦး စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများတွင် ဝရမ်းထုတ်ထားသော ထိုင်းအမျိုးသမီး Jirapan လည်း ပါဝင်ခဲ့ပြီး အိမ်ငှားမှု၊ အွန်လိုင်းငွေလိမ်မှုနှင့်ပက်သက်သော ဆက်စပ်ပစ္စည်းများအတွက် အဓိက တာဝန်ရှိသူဖြစ်ကြောင်း ဖော်ပြထားသည်။

အခြားသူများသည် ဖုန်း SIM box တည်ဆောက်ထားသော နေရာများတွင် ကြီးကြပ်ကူညီသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

၎င်းတို့နှင့်အတူ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် သက်ဆိုင်သော ပစ္စည်းများဖြစ်သည့် ဖုန်း SIM box ၆၄၂ လုံး၊ ကွန်ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁၄၅၅ လုံး၊ ဖုန်းကတ် ၅၉၀၀၀၀ ကျော်၊ ဖုန်းကတ်ထည့်အသုံးပြုနိုင်သည့် ပစ္စည်း ၄၇ လုံးကိုလည်း သိမ်းဆည်းရမိကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့က ပြောသည်။

ယခုဖမ်းဆီးရမှုသည် အွန်လိုင်းငွေလိမ်းဂိုဏ်းပစ္စည်းများ သိမ်းဆည်းရရှိမှု အများဆုံးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖုန်းဆင်းကတ်များတွင် ထိုင်ဆင်းကတ်နှင့် ဟောင်ကောင်ဆင်းကတ်များအပါအဝင် ကျန်နိုင်ငံက ဆင်းကတ်များလည်း ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသော ငွေလိမ်ဂိုဏ်းသည် ဆိုရှယ်မီဒီယာအကောင့်တုများ ဖန်တီးပြီး ယင်းအကောင့်တုများကို အခြားငွေလိမ်ဂိုဏ်းနှင့် အွန်လိုင်းရာဇဝတ်ဂိုဏ်းများထံ ရောင်းချနေခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ဖမ်းဆီးခံရသော အွန်လိုင်းလောင်းကစားလုပ်ငန်းတွင် လောင်းကစားပြုလုပ်နေသူ တစ်သိန်းကျော်ရှိကာ လစဉ် ဘတ် ၁၀ သန်းကျော် ငွေလည်ပတ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများသည် ဆက်သွယ်ရေး ပုဒ်မများဖြင့် အမှုဖွင့်ထားပြီး အမှုနှင့် သက်ဆိုင်သော နောက်ထပ် သံသယရှိသူများကိုလည်း ဆက်လက်ရှာဖွေဖမ်းဆီးနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သော မေလ ၂၃ ရက်နေ့က ခရိုင် ၉ ခုရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖမ်းဆီးခဲ့မှုနှင့် ဆက်စပ်၍ ယခုအကြိမ်တွင် ထပ်မံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: Bangkok Post, The Thaiger, Khaosod English