ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက အယုဒ္ဓယခရိုင် မဟာရာ့ဒေသရှိ အမြန်လမ်းတစ်နေရာတွင် ရဲတပ်ဖွဲ့များ ဂိတ်ချ စစ်ဆေးနေစဉ် ပစ်ကပ်ကားတစ်စီး အရှိန်မြင့်မောင်းနှင်လာသဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါကားသည် လမ်းကြောင်းပြောင်း မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်ကလိုက်လံ ဖြတ်ကျော်တားဆီးရာ ပစ်ကပ်ကားသည် ရဲတပ်ဖွဲ့၏ ကားအနောက်ကို ဝင်တိုက်မိပြီးနောက် ရပ်တန့်သွားကြောင်း ဖော်ပြသည်။
ပစ်ကပ်ကား၏ အနောက်ကို အနက်ရောင် တာလပတ်ဖြင့် ဖုံးထားပြီး နှစ်ဆင့်ပြုပြင်ထားသည်ကို တွေ့ရကြောင်း ဆိုသည်။
တာလပတ်အမိုးများအောက်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၃၀ ဦး လိုက်ပါလာ သည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် မြဝတီ-မဲဆောက်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံထဲသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်လာကြကြောင်း ဖော်ပြသည်။
အယုဒ္ဓယခရိုင်တွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပွဲစားများကို ဘတ် ၁၂၀၀၀ မှ ၁၈၀၀၀ အထိ ပေးချေပြီးဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံသားများကို ကားဖြင့်ကူညီပို့ဆောင်ပေးသော ထိုင်းနိုင်ငံသားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို တာခ့်ခရိုင်မှ အယုဒ္ဓယခရိုင်ထဲသို့ ပို့ဆောင်ပေးရန် အလုပ်ရှင်ဟောင်းက စေခိုင်းခဲ့သဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ထိုင်ငံသားတို့က ရဲတပ်ဖွဲ့ထံ ထွက်ဆိုသည်ဟု ဖော်ပြသည်။
ထိုင်းနှစ်ဦးအနက် တစ်ဦးသည် နိုင်ငံခြားသားများကို တရားမဝင် ပို့ဆောင်ပေးမှုဖြင့် ဖမ်းဆီးခံရပြီးနောက် လွန်ခဲ့သော လေးလခန့်က ပြန်လွတ်လာသူတစ်ဦးဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသား နှစ်ဦးတို့ကို မဟာရာ့ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Matichon Online, Thairath