သတိပေးချက်
June 19, 2025

ထိုင်းမြေအောက်ရထားလမ်းမြေပြိုမှု ပိတ်မိနေသည့် မြန်မာလုပ်သားကို သေဆုံးလျက်ပြန်တွေ့

August 29, 2024

August 29, 2024

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင်တွင် ဆောက်လက်စ မြေအောက်ရထားလမ်းပြိုကျမှုကြောင့် ပိတ်မိနေသူ သုံးဦးအနက် မြန်မာအလုပ်သမားကို သေဆုံးလျက်ပြန်လည်တွေ့ရှိပြီး ရုပ်အလောင်းကို ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများ တွင် ဖော်ပြသည်။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့အထိ မြန်မာအလုပ်သမား တည်နေရာကို စတင်တွေ့ရှိချိန် အသက်ရှင်နေသေးသော လက္ခဏာနှင့် ထရပ်ကားခေါက်သံများ ကြားနေရသဖြင့် အသက်ရှင်နေသေးသည်ဟု ယုံကြည်ထားကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးအဖွဲ့အကူအညီများ အဆင်သင့် ပြုလုပ်ထားပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ရန် ရဟတ်ယာဉ်ကိုလည်း အဆင်သင့်ပြုလုပ်ထားကြောင်းဆိုသည်။

ထို့နောက် မြန်မာနိုင်ငံသားကို ကယ်တင်နိုင်ရေး ပိတ်မိနေသော ကျောက်တုံးများကို ညလုံးပေါက် ဖယ်ရှားခဲ့ကြောင်း ဖော်ပြသည်။

သို့သော်လည်း ပြိုကျမှုဖြစ်ပြီး ငါးရက်ခန့်အကြာ ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံသား၏ အလောင်းကိုသာ ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရုပ်အလောင်းကို မဟာရတ် နခွန်ရတ်ချ်စီမားဆေးရုံသို့ ပို့ဆောင်နေပြီး မြန်မာနိုင်ငံသားနှင့် ပက်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ရေးသားထားခြင်း မရှိသေးပေ။

ပိတ်မိနေသည့် တရုတ်နိုင်ငံသားနှစ်ဦးကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

ပိတ်မိနေသည့် တရုတ်နိုင်ငံသားနှစ်ဦးအနက် တစ်ဦးမှာ မြန်မာနိုင်ငံသားနှင့် ရှစ်မီတာအကွာတွင်ရှိပြီး ကျန်တစ်ဦးမှာ ၁၄မီတာ အကွာတွင် ရှိနေကြောင်း သတင်းများတွင် ရေးသားထားသည်။

Ref: Khoasod Online, Thai Enquirer, The Nation Thailand