သတိပေးချက်
June 21, 2025

တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၈ ဦး ထိုင်းရဲဖမ်းဆီး

September 29, 2023

September 29, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၈ ဦးကို စက်တင်ဘာလ ၂၇ ရက်နေ့ ညဘက်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ရန်စစ်-နခွန်နယွတ် အဝေးပြေးလမ်းမကြီးပေါ်တွင် အိမ်စီးကားတစ်စီးကို အမြန်လမ်းရဲတပ်ဖွဲ့များက စစ်ဆေးရာမှ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၈ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများသည် ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဝမ်ကျောက်ဒေသသို့ တရားမဝင် တောလမ်းအတိုင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများဖြစ်ကြောင်း ဖြေကြားချက်ကို ‌ဖော်ပြထားသည်။

အားလုံးသည် ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားနှင့်ချိတ်ဆက်၍ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး ခရီးစဉ်အတွက် ဘတ် ၁၅၀၀၀ မှ ၂၅၀၀၀ အထိ ပေးရကြောင်း သတင်းတွင်ဖော်ပြထားသည်။

ထိုင်းကားသမားကလည်း မြန်မာအလုပ်သမားများကို ဝမ်ကျောက်ဒေသရှိ ငှက်ပျောတောထဲမှ ဘန်ကောက်မြို့ ဒွန်မောင်းဒေသသို့ ဘတ် ၁၅၀၀၀ ဖြင့် ပို့ဆောင်ပေးရန် ငှားရမ်းခံခဲ့ရသဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ယခင်က နှစ်ကြိမ်အထိ ပို့ဆောင်ဖူးခဲ့သည်ဟုပြောဆိုသည်။

ဖမ်းဆီးခံရသော ထိုင်းကားသမားနှင့် မြန်မာအလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ထန်ယဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ထားကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ထိုင်းနိုင်ငံတွင် လုပ်ပိုင်ခွင့်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၈၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း အလုပ်သမားခန့်ထားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: Nation Online, Police TV