သတိပေးချက်
December 23, 2024

ခယောင်းလမ်းပေါ်က ယုံကြည်ချက် ခြေလှမ်းများ

October 29, 2024

October 29, 2024

မီးရောင်စုံထွန်းထားသည့် ထိုင်းတောင်ပိုင်းက စားသောက်ဆိုင်တစ်ဆိုင်တွင် စားပွဲထိုးနှင့် သန့်ရှင်းရေးအလုပ်များ လုပ်ကိုင်နေသည့် ခန္ဓာကိုယ်သေးသေးသွယ်သွယ်နှင့် တက်ကြွဖျတ်လတ်ဟန်ရှိသည့် အမျိုးသမီးတစ်ဦး။

ယင်းအမျိုးသမီးမှာ ၂၀၂၁ စစ်အာဏာမသိမ်းမီက တနင်္သာရီတိုင်းရှိ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဒုဦးစီးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဒေါ်မေ (အမည်လွှဲ) ဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်း ဒေါ်မေသည် အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် ဆက်ပြီးအလုပ်လုပ်ရန် လိပ်ပြာမလုံတော့သည့်အတွက် သူမြတ်နိုးစွာရွေးချယ် လုပ်ကိုင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းအလုပ်ကို စွန့်လွှတ်ရန် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရဟုဆိုသည်။

ဒေါ်မေက စစ်အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာတွင် မိခင်ဌာနဆီ ထွက်စာတင်ပြီး အလုပ်ထွက်ခဲ့ခြင်းဖြစ်သည်။

အလုပ်ထွက်ပြီးနောက် ပြည်တွင်းတွင် ဆက်နေရန် အဆင်မပြေတော့သည့်အဆုံးတွင် ထိုင်းနိုင်ငံသို့ထွက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုင်းနိုင်ငံသို့ရောက်လာချိန်တွင် အခက်အခဲပေါင်းများစွာက သူမကို ဆီးကြိုနေပြီး ကျွမ်းကျင်သည့် အလုပ်ဖြင့် အသက်မွေးခွင့်မရတော့ပေ။

နေထိုင်လုပ်ကိုင်ခွင့်နှင့် ပတ်သက်သည့်အထောက်အထားမရှိသေးသည့်အတွက် ထိုင်းတောင်ပိုင်း စူရတ်ဌာနီရှိ ညီမတစ်ဝမ်းကွဲ၏ အိမ်တွင်နေထိုင်ပြီး စားသောက်ဆိုင်တစ်ဆိုင်တွင် အောက်ခြေသိမ်း အလုပ်များကိုသာ အချိန်ပိုင်း လုပ်ကိုင်ရင်း ရုန်းကန်နေရသည်။

ထိုင်းနိုင်ငံရောက်ပြီး ပထမဆုံးလုပ်ရသည့်အလုပ်က စားသောက်ဆိုင်တွင် အချိန်ပိုင်း စားပွဲထိုးနှင့် သန့်ရှင်းရေးပင်။

“အမှန်တိုင်းပြောရရင် ဝမ်းနည်းဖို့လည်း ကောင်းတာပေါ့။ ကိုယ်မလုပ်ဖူးတဲ့ သန့်ရှင်းရေးမျိုးလုပ်ရတယ်။ စားပွဲထိုး လုပ်ရတယ်။ ပြီးရင် သူဌေးရဲ့ မျက်နှာအရိပ်အကဲကို ကြည့်နေရတယ်” ဟု ဒေါ်မေက ပြောသည်။

ဒေါ်မေလိုပင် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုံစံမျိုးစုံဖြင့် CDM လုပ်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းဦးရေ လေးသိန်းကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းသို့ ရွှေ့ပြောင်းလာသည့် CDM အမျိုးသမီးဝန်ထမ်းများကို အတိအကျ စာရင်းလုပ်ထားခြင်း မရှိသော်လည်း ပမာဏ တော်တော်များများရှိနေသည်။

ထိုင်းရောက် CDM အမျိုးသမီးများ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု မအောင်မြင်ရသည့် အဓိကအကြောင်းအရင်းများတွင် အာဏာသိမ်း စစ်ခေါင်းဆောင်များကို ရဲရဲတောက် ဆန့်ကျင်ခဲ့ကြသည့် CDM များက အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။

ဒေါ်မေကဲ့သို့ပင် နိုင်ငံ့ဝန်ထမ်းသိန်းချီက စစ်အာဏာသိမ်းမှုကိုလက်မခံသည့်အတွက် ၎င်းတို့ထမ်းဆောင်နေသည့် ရာထူးတာဝန်များကို စွန့်လွှတ်ကာ CDM လုပ်ခဲ့ကြသည်။

တနင်္သာရီတိုင်းတွင်လည်း ပညာရေးဝန်ထမ်း ၇၀၀၀ ကျော်အပြင် အခြားဌာနဆိုင်ရာဝန်ထမ်းအများအပြားလည်း CDM လုပ်ခဲ့ကြသည်။

ယင်းကြောင့်စစ်ကောင်စီက CDM ဝန်ထမ်းအများအပြားကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး CDM အင်အားချိနဲ့သွားစေရန် နည်းအမျိုးမျိုးသုံး၍ ဖိနှိပ်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်းအများစုမှာ အမျိုးသမီးများ ဖြစ်သည့်အတွက် CDM အများစုမှာလည်း အမျိုးသမီးများဖြစ်ပြီး အများအားဖြင့် ပြည်တွင်း၌သာ လှည့်ပတ်တိမ်းရှောင်နေကြသည်။

သို့သော် စစ်ကောင်စီက CDM လုပ်ထားသည့် ဝန်ထမ်းများကို ဖမ်းဆီးမှုပိုများလာပြီး ပြည်တွင်းတွင် ဆက်နေထိုင်ရန် မဖြစ်နိုင်တော့သည့်အတွက် အိမ်နီးချင်းထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ကြရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား နှစ်သန်းခွဲကျော် (၂၅သိန်းကျော်) ရှိကြောင်း စစ်ကောင်စီ၏ မြန်မာအလုပ်သမားသံအရာရှိရုံး ထုတ်ပြန်ချက်အရ သိရသည်။

အထောက်အထားမရှိသေးသည့် မြန်မာအလုပ်သမားများပါ ထည့်ရေတွက်ပါက မြန်မာအလုပ်သမား ငါးသန်းခန့်ရှိနိုင်ကြောင်း မြန်မာအလုပ်သမားကူညီရေး အဖွဲ့အစည်းများက ခန့်မှန်းထားသည်။

ယင်းအရေအတွက်တွင် ဒေါ်မေကဲ့သို့ CDM မြန်မာအမျိုးသမီးများ အပါအဝင် အမျိုးသမီးလုပ်သားအရေအတွက်က ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း Labour Rights Foundation ၏ စည်းရုံးရေးတာဝန်ခံ ကိုဇော်က ဆိုသည်။

“ဒီမဟာချိုင်နယ်ထဲမှာဆိုရင် အမျိုးသမီးက ရှစ်ဆယ်ရာခိုင်နှုန်းဝန်းကျင်လောက်တောင် ရှိနိုင်တယ်။ အလုပ်ရုံကြီးတွေထဲ ပြန်ကြည့်လိုက်တဲ့အချိန်ကျရင် အမျိုးသမီးထုက ပိုများနေတာကို တွေ့ရတယ်။ အမျိုးသမီးအရေအတွက်က အမျိုးသား အရေအတွက်ထက်ကို ပိုများနေတာ” ဟု ကိုဇော်က ဆိုသည်။

ထိုင်းနိုင်ငံသို့ ရှောင်တိမ်းလာသည့် CDM နိုင်ငံ့ဝန်ထမ်များတွင် ရာထူးရာခံရှိသူများ၊ ဆရာဝန်၊အင်ဂျင်နီယာ၊ကျောင်းဆရာ ကဲ့သို့သော ပညာရပ်နယ်ပယ်မှ ကျွမ်းကျင်သူများလည်း ပါဝင်နေကြသည်။

သို့သော် ထိုင်းနိုင်ငံကို ရောက်လာချိန်တွင်တော့ တတ်ထားသည့် ပညာရပ်များ၊ ရာထူးရာခံများကိုမေ့ထားပြီး ရွှေ့ပြောင်းလုပ်သား အဖြစ် ကြုံရာကျပန်း အလုပ်ကြမ်းများကိုသာ လုပ်ကိုင်နေကြရသည်။

ထားဝယ်တက္ကသိုလ် ဆရာမ ဒေါ်ဇင်(အမည်လွှဲ)လည်း ရွေးချယ်စရာမရှိသဖြင့် ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားတစ်ဦး၏အိမ်တွင် အိမ်အကူလုပ်နေရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တက္ကသိုလ်ဆရာမဘဝကို စွန့်လွှတ်ကာ ထိုင်းနိုင်ငံကိုထွက်ပြေးလာခဲ့ပြီး လက်ရှိတွင် နိုင်ငံခြားသားတစ်ဦး၏ နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေခြင်းဖြစ်သည်။

“တက္ကသိုလ်မှာတုန်းကဆို မိုးလင်း အလှပြင် ကျော့ကျော့မော့မော့နဲ့ ကျောင်းသွားရတယ်။ ဒီမှာကျတော့ အောက်ခြေ သိမ်းကွယ်။ သိတဲ့အတိုင်းပဲ သူများဖိနပ်တိုက်ဆိုလည်း တိုက်ရတာပဲ။ အိမ်သာဆေးဆိုလည်း ဆေးရတာပဲ။ ကိုယ်နားချင်တဲ့အချိန်လည်း နားလို့မရ” ဟု ဒေါ်ဇင်က ဖွင့်ဟသည်။

ရွေးချယ်ရာမဲ့ လုပ်ငန်းခွင်များ

ဒေါ်ဇင်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တက္ကသိုလ်ဆရာမဘဝကို စွန့်လွှတ်ကာ ပြည်တွင်းတွင် ၂ နှစ်နီးပါးအကြာ နေထိုင် ခဲ့သော်လည်း လုံခြုံရေးနှင့် စားဝတ်နေရေးက အဆင်မပြေဖြစ်လာသည်။ ယင်းအပြင် စစ်ကောင်စီက ဖမ်းဆီးမည့် အန္တရာယ် ကလည်း အချိန်မရွေး ကျရောက်နိုင်သည်။

ထိုကြောင့် ရှမ်းပြည်နယ် တအာင်းနယ်တွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် လျှောက်ထားခဲ့သော်လည်း သွားရေးလာရေးက အခက်တွေ့နေပြန်သည်။

ထိုင်းနိုင်ငံသို့ ရောက်နှင့်နေပြီးဖြစ်သည့် မိတ်ဆွေသူငယ်ချင်းနှင့် ဆွေမျိုးများ အဆင်ပြေနေသည်ဟု ကြားသိရသည့်အတွက် ရရာအလုပ်လုပ်မည်ဟု စိတ်ပိုင်းဖြတ်ကာ ၂၀၂၃ နှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်လာခဲ့သည်။

ထိုင်းရောက်လာချိန် အထောက်အထားမရှိသေးသည့်အတွက် ရွေးချယ်စရာမရှိဘဲ နီးစပ်ရာအောက်ခြေသိမ်း အလုပ်များကိုသာ လုပ်ကိုင်ခဲ့ရသည်။

ကျော့ကျော့မော့မော့ဖြင့် စာသင်ခဲ့ရသည့် တက္ကသိုလ်ဆရာမဒေါ်ဇင်တစ်ယောက် ပထမဆုံးလုပ်ရသောအလုပ်က ထမင်းဆိုင်တွင် ပန်းကန်ဆေးရခြင်းဖြစ်သည်။

ထိုသို့ ပန်းကန်ဆေးရသည့်အလုပ်တွင်လည်း ဆရာမဒေါ်ဇင် အလုပ်မမြဲခဲ့ပေ။

အလုပ်မကျွမ်းကျင်မှုနှင့် ထိုင်းစကားမရ၍ဟုဆိုကာ နှစ်ရက်ခန့်အကြာတွင်ပင် အလုပ်ထုတ်ခံလိုက်ရသည်။

အလုပ်ထုတ်ခံရပြီးနောက် ပန်းရောင်းသည့်ဆိုင်တွင် လုပ်ခဲ့သေးသော်လည်း လုပ်အားခနည်းပါးသဖြင့် လပိုင်းမျှလုပ်ပြီး အလုပ်ထွက်လိုက်ပြန်သည်။

လက်ရှိတွင်မူ ရုရှားနိုင်ငံသားတစ်ဦး၏ နေအိမ်တွင် အိမ်အကူအဖြစ် ပြောင်းရွှေ့လုပ်ကိုင်နေခြင်းဖြစ်သည်။

အိမ်အကူဟုဆိုသော်လည်း အိမ်အလုပ်များအပြင် ကလေးပါထိန်းပေးနေရသည့်အတွက် ဆရာမဒေါ်ဇင်အဖို့ မသက်သာလှပေ။

အချိန်ပိုကြေးအပါအဝင် ပျမ်းမျှအားဖြင့် တစ်လလျှင် ဘတ်တစ်သောင်းခွဲဝန်းကျင်ရသည့်အတွက် ဝင်ငွေကောင်းသည်ဟုဆိုနိုင် သော်လည်း လုပ်နိုင်စွမ်းနှင့် ဝန်အားမမျှဖြစ်နေကြောင်း ညည်းတွားနေသည်။

“ကလေးလည်းထိန်းရတယ်။ ကြည့်နေရတယ်။ အိမ်အလုပ်လည်း လုပ်ရတယ်ဆိုတော့ စိတ်ရော ကိုယ်ရော ပိုပင်ပန်းတယ်။ တနင်္ဂနွေနေ့ဆိုရင် တစ်နေကုန် (အလုပ်)ဆင်းပေးရတယ်။ စိတ်ပင်ပန်းတာက ကလေးတွေကို ထိန်းနေရတယ်ဆိုတော့ သူတို့ တစ်ခုခုဖြစ်ရင် ကိုယ့်တာဝန်ပဲလေ။ ဒီအတွက် ပိုထိန်းထားရတယ်” ဟု ဒေါ်ဇင်က ပြောသည်။

အိမ်အလုပ်နှင့် ကလေးထိန်းရသည့်အပြင် ခွေးစာကျွေး၊ ခွေးချီးလည်း ကျုံးရပြီး နေ့လယ် ၁၂ နာရီတွင် အလုပ်စဝင်ရကာ ကလေးအိပ်သည့် ည ၉ နာရီခွဲမှသာ အလုပ်သိမ်းပြီး အိမ်ပြန်ရသဖြင့် ကျန်းမာရေးပါ ထိခိုက်လာသည်။

ထိုကြောင့် ဒေါ်ဇင်ကတော့ တက္ကသိုလ်ဆရာမဘဝကိုသာ ပြန်တမ်းတမိကြောင်း ဖွင့်ဟသည်။

ဒေါ်ဇင်ကဲ့သို့ ခေတ်ပညာတတ်များ CDM နိုင်ငံ့ဝန်ထမ်းများမှာလည်း ထိုင်းနိုင်ငံအတွင်းရောက်လာချိန်တွင် တတ်ကျွမ်းထားသည့် အလုပ်ကို လုပ်ခွင့်မရကြဘဲ အခြားရွှေ့ပြောင်းလုပ်သားများနည်းတူ ထိုင်းနိုင်ငံသားများ မလုပ်ချင်သည့် အောက်ခြေသိမ်းအလုပ်များကိုသာ လုပ်ခွင့်ရကြသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများ လုပ်ခွင့်မရှိသည့်အလုပ်များစွာရှိပြီး အဓိကအားဖြင့် အလုပ်ကြမ်းများသာ လုပ်ကိုင်ခွင့်ပြုထားသည်။

ယင်းကြောင့် CDM ဝန်ထမ်းများမှာ အများအားဖြင့် စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ကြရပြီး အချို့မှာ စားသောက်ဆိုင် အလုပ်သမား၊ အိမ်အကူ၊ ဟိုတယ်ရှိ အခြေခံအလုပ်များ၊ ဆောက်လုပ်ရေး အလုပ်ကြမ်းများသာ လုပ်ကြရသည်။

အင်္ဂလိပ်လို ပြောနိုင်ဆိုနိုင်သူများမှာ ဆေးခြောက်ပစ္စည်းဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ်လည်းကောင်း၊ နိုင်ငံခြားသား အလာများသည့် စားသောက်ဆိုင်များတွင် စားပွဲထိုးအဖြစ်လည်းကောင်း လုပ်ကိုင်ရန် အခွင့်အရေးရှိသည်။

စာသင်ကြားနိုင်သည့် ဘွဲရများနှင့် ကျောင်းဆရာများမှာ ပန်းရောင်ဘတ် အပါအဝင် ရွှေ့ပြောင်းလုပ်သားအထောက်အထား ကိုင်ဆောင်ထားပါက ကျူရှင်ဝိုင်းများအပါအဝင် ရွှေ့ပြောင်းကျောင်းများတွင် ဆရာအဖြစ်လုပ်ကိုင်နိုင်သည်။

သို့သော် တရားဝင်လုပ်ကိုင်ခွင့် ရခြင်းတော့မဟုတ် နားလည်မှုဖြင့် လုပ်ကိုင်ကြရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား သန်းချီရှိနေလာချိန်တွင် ၎င်းတို့နှင့်အတူ ပါလာသည့် ကလေးငယ်များ၏ ပညာရေးအတွက် မြန်မာရွှေ့ပြောင်းကျောင်းများက အားကောင်းလာသည်။

အဆိုပါကျောင်းများတွင် CDM ဆရာ၊ ဆရာမများနှင့် ဘွဲ့ရဝန်ထမ်းများအတွက် အလုပ်ရရန် လွယ်ကူသည်။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား လက်မှတ်ကိုင်ထားသူများ ကျောင်းဆရာအဖြစ် တရားဝင် အလုပ်လုပ်ကိုင်ခွင့် မရှိသော်လည်း နားလည်မှုဖြင့် ခန့်ထားကြသည်။

ဘွဲ့ရခေတ်ပညာတတ် နိုင်ငံ့ဝန်ထမ်းလုပ်ခဲ့ဖူးသူများအနေဖြင့် အိမ်အကူ၊ ပန်းကန်ဆေး၊ စက်ရုံလုပ်ငန်းခွင်ကဲ့သို့ အလုပ်ကြမ်းများထက် ရွှေ့ပြောင်းကျောင်းများတွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခြင်းက အားသာချက်များစွာ ရှိနေသည်။

ကန့်သတ်ခံလာရသည့် စာသင်ကြားရေး အလုပ်များ

သို့ရာတွင် CDM ဆရာ၊ ဆရာမများနှင့် ဘွဲ့ရဝန်ထမ်းများအားပြုနေသည့် ရွှေ့ပြောင်းကျောင်းများ၏ အနာဂတ်က ဝေဝါးလာပြန်သည်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီရှိ မေတ္တာရိပ်ကျောင်းကို ပိတ်သိမ်းရန် စက်တင်ဘာလ ၄ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ညွှန်ကြားခဲ့သည်။

အဆိုပါကျောင်းမှာ ထိုင်းပညာရေးဌာနတွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသည့်အတွက် ပိတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ ကျောင်းပိတ်လိုက်ရသည့်အတွက် ပညာသင်ယူနေသော ကျောင်းသား ၁၂၀၀ ကျော် အခက်အခဲဖြစ်ခဲ့ရသလို CDM ဆရာမများနှင့် ဘွဲ့ရဝန်ထမ်းများမှာ အလုပ်လက်မဲ့ဖြစ်သွားရပြန်သည်။

မေတ္တာရိပ်စာသင်ကျောင်း အပိတ်ခံရပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် မြန်မာစာသင်ကျောင်းအချို့နှင့် စာသင်ဝိုင်းများလည်း ပိတ်လိုက်ရသည်။

Dawei Watch ၏ စုံစမ်းမှုအရ ထိုင်းတောင်ပိုင်း စူရတ်ဌာနီ၊ ချွန်ဖော်၊ ရနောင်းနှင့် အခြားခရိုင်များတွင် စာသင်ကျောင်းများ၊ စာသင်ဝိုင်းများ အနည်းဆုံး ဆယ်ခုထက်မနည်း ပိတ်လိုက်ရသည်။

“ငါတို့ဘဝတွေကလည်း မလွယ်ပါဘူး။ စူရတ်က သတင်းတွေကြားပြီးကတည်းက စာသင်ပေးနေတာကို ရပ်လိုက်ပြီ။ ဆက်မသင်ဖြစ်တော့ဘူး။ ဆိုင်အလုပ်လုပ်ဖို့ ကျွန်းဘက်ကို ပြောင်းလာလိုက်ပြီ” ဟု ထိုင်းတောင်ပိုင်းတွင် စာသင်ဝိုင်းသင်နေသည့် CDM ဆရာတစ်ဦးက ဆိုသည်။

ထိုင်းအာဏာပိုင်များကလည်း မြန်မာစာပညာသင်ကြားပေးနေသည့် မြန်မာကျောင်းများနှင့် စာသင်ဝိုင်းများကို ပစ်မှတ်ထားဖမ်းဆီးမှုများ ရှိလာသည်။

ချွန်ဖော်ခရိုင် အုန်းတောအတွင်း မြန်မာကလေးငယ် ၅၀ ခန့်ကို ပညာသင်ကြားပေးနေသည့် စာသင်ဝိုင်းကို ထိုင်းအာဏာပိုင်များက ယခုလ(အောက်တိုဘာ) လဆန်းပိုင်းက ဝင်ရောက်စစ်ဆေးပြီးနောက် စာသင်ပေးနေသည့် CDMဆရာမတစ်ဦးကို ဖမ်းဆီးလိုက်သည်။

လက်ရှိတွင် ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများကို တရားဥပဒေပိုင်းဆိုင်ရာ ရှုထောင့်ဖြင့် စစ်ဆေးအရေးယူမှုများ ရှိလာကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏ အလုပ်သမားတာဝန်ခံ ကိုမင်းဦးက ပြောသည်။

ပန်းရောင်ဘတ်ကိုင်ဆောင်ထားသော ရွှေ့ပြောင်းအလုပ်သမားတိုင်းသည် ထိုင်းအစိုးရက သတ်မှတ်ထားသည့် အခြေခံအလုပ်များသာ လုပ်ပိုင်ခွင့်ရှိနေပြီး စာသင်ခြင်းကဲ့သို့အလုပ်များကို ကျွမ်းကျင်လက်မှတ်မရှိဘဲ တရားဝင် လုပ်ကိုင်ခွင့်မရှိကြောင်း (FED) ထံမှ သိရသည်။

စာသင်ကြားနေချိန် စစ်ဆေးခံရပါက တားမြစ်ထားသည့်အလုပ်ကို ဝင်ရောက်လုပ်ကိုင်နေမှုဖြင့် အရေးယူခြင်းခံရနိုင်ကြောင်း ကိုမင်းဦးက ထောက်ပြသည်။

“ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ချမှတ်ထားတဲ့အလုပ်ထဲမှာ ဒီဟာမပါဘူးလေ။ ဆိုတော့ အဲဒါလုပ်ခွင့်မရှိဘူးလို့ ပြောလို့ရတယ်။ ဒါကြောင့်မို့ လုပ်ငန်းခွင်ထဲ စစ်ဆေးတွေ့ရှိတယ်ဆိုရင် ဖမ်းတာ အရေးယူတာ ခံရနိုင်တယ်” ဟု ကိုမင်းဦးက ဆိုသည်။

ခယောင်းလမ်းပေါ်က CDM များ

စားသောက်ဆိုင်တွင် အချိန်ပိုင်းလုပ်ခဲ့သော ဒုဦးစီးမှူး ဒေါ်မေလည်း ထိုင်းတွင် ဝင်ငွေ အတည်တကျရရှိရန် စူရတ်ဌာနီခရိုင်ရှိ မုန့်တိုက်တစ်ခုတွင် အချိန်ပြည့်ဝန်ထမ်းအဖြစ် ၆ လအကြာ ဝင်ရောက်လုပ်ကိုင်ခဲ့သေးသည်။

လုပ်အားခအနေဖြင့် တစ်ရက်လျှင် ၃၄၀ ဘတ် ရသည့် မုန့်တိုက်တွင် ဝန်ထမ်းအသစ်ဖြစ်နေသည့်အတွက် သန့်ရှင်းရေး အပိုင်းပါ လုပ်ပေးရသည့်အပြင် တစ်ခါတစ်ရံ အိမ်သာပါ ဆေးလိုက်ရသေးသည်။

အလုပ်ချိန်က နံနက် ၆ နာရီမှ နေဝင်ချိန်အထိ လုပ်ရသဖြင့် နေဝန်းကိုမမြင်ရသည့် နေ့ရက်များလာသလို စိတ်ပန်းလူပန်း ဖြစ်လာသည်။

“ငါရုန်းမှ ရုန်းထွက်နိုင်ပါ့မလားပေါ့။ ငါဒီအလုပ်မှာပဲ ပြီးသွားမှာလားပေါ့။ ဘာလို့လဲဆို မနက်ဆို နေထွက်တာမမြင်ရဘူး။ ညဆိုလည်း နေဝင်တာမမြင်ရဘူး။ အဲဒီလိုပုံစံမျိုး ဆက်တိုက်ဖြစ်နေတယ်” ဟု ဒေါ်မေက ဆိုသည်။

အဆိုပါ ဒုက္ခများကို ခါးစည်းခံနေရချိန်တွင် သူမအတွက် ထွက်ပေါက်တစ်ခုက ပေါ်လာသည်။

စာရွက်စာတမ်းအထောက်အထားများ ပြည့်စုံလာချိန်တွင် စူရတ်ဌာနီရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတစ်ခုတွင် ကွန်ပျူတာဆရာမလုပ်ရန် ကမ်းလှမ်းလာသည်။

ထိုကြောင့် ဒေါ်မေလည်း အဆိုပါကျောင်းတွင် ရွှေ့ပြောင်းဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်နေသည်။

ကျေးလက်ဌာန၏ ဒုဦးစီးမှူးတစ်ဖြစ်လဲ ဆရာမဒေါ်မေ စာသင်ပေးနေသည့် ရွှေ့ပြောင်းကျောင်းကမူ ထိုင်းပုဂ္ဂလိကကျောင်းနှင့် ချိတ်ဆက်ထားသည့်အတွက် အတိုင်းအတာတစ်ခုအထိ စိတ်ချရမှုရှိမည်ဟုဆိုနိုင်သည်။

သို့သော် ထိုင်းနိုင်ငံ၏ အလုပ်သမားမူဝါဒက အမျိုးမျိုးပြောင်းနေသဖြင့် မည်သည့်လုပ်ငန်းခွင်တွင်မှ စိတ်ချလက်ချနေ၍မရ၊ နောက်ပိုင်းဘာဖြစ်မည်ဆိုသည်ကို ကြိုတင်မှန်းဆ၍ မရနိုင်ဟု ထောက်ပြသူများလည်းရှိသည်။

ဒေါ်မေ ဆရာမဝင်လုပ်နေသည့် မြန်မာကျောင်းက တရားဝင်ဖြစ်နေသည့်အတွက် ပြဿနာတစ်စုံတစ်ရာမရှိသော်လည်း ထိုင်းအာဏာပိုင်ထံတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် မြန်မာကျောင်းအများအပြားက အခက်တွေ့လာရသည်။

မြန်မာကျောင်းများ ရပ်တည်ရန်ခက်လာပါက ယင်းကျောင်းများကို မှီခိုနေသည့် CDM များမှာလည်း အလုပ်လက်မဲ့ဖြစ်မည့် အခြေအနေကို ရင်ဆိုင်ကြရဦးမည်ဖြစ်သည်။

CDM လုပ်ထားသည့် ဒေါ်မေက ရွှေ့ပြောင်းကျောင်း၏ ကျောင်းဆရာမအဖြစ် ထိုင်းနိုင်ငံအတွင်း ရပ်တည်ခွင့်ရခဲ့သော်လည်း တက္ကသိုလ်ဆရာမ ဒေါ်ဇင် အပါအဝင် CDM ဝန်ထမ်းအများစုက စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်၊ အိမ်အကူနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကဲ့သို့ အောက်ခြေသိမ်းအလုပ်များကိုသာ လုပ်ကိုင်နေကြရသည်။

သူတို့အနာဂတ်တွင် မည်သို့ဖြစ်မည်ကို မသိသေးသလို မည်သို့ဆက်လက် ရှင်သန်ရမည်ဆိုသည်ကိုလည်း စဉ်းစားမရဟု ဆိုကြသည်။

သို့သော် အဓမ္မအာဏာသိမ်းမှုကို ဆန့်ကျင်ကာ ဓမ္မဘက်ကို ရပ်ရန်အတွက် CDM လုပ်ခဲ့သည်ကိုတော့ နောင်တမရကြကြောင်း၊ ခယောင်းလမ်းပေါ် လျှောက်နေကြရသော်လည်း ယုံကြည်ချက်အတွက် ရဲရဲကြီးခြေလှမ်းနေနိုင်ကြောင်း သူတို့ကဆိုကြသည်။

ထားဝယ်တက္ကသိုလ်တွင် တက္ကသိုလ်ဆရာမဘဝဖြင့် ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းခဲ့သည့် ဆရာမဒေါ်ဇင်ကလည်း အိမ်အကူ လုပ်နေရသော်လည်း စစ်အာဏာရှင်စနစ်ကို လက်မခံဘဲ CDM လုပ်ခဲ့သည့်အပေါ် နောင်တမရဘဲ လိပ်ပြာလုံကြောင်း ယခုလိုဂုဏ်ယူစွာ ပြောဆိုလိုက်သည်။

“တီချယ် မင်္ဂလာပါ ဆိုတဲ့ နှုတ်ဆက်သံတွေကိုတော့ မကြားရတော့ဘူးပေါ့။ ဘယ်လိုလုပ်မလဲ ကိုယ်ရွေးခဲ့တဲ့လမ်းကို ဆက်လျှောက် ရုံပေါ့။ ဒီအတွက်တော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေမြဲ၊ လိပ်ပြာလုံနေမြဲ၊ ဘယ်တော့မှ နောင်တရတယ်လို့တော့ မထင်မိခဲ့ဘူး”