သတိပေးချက်
December 23, 2024

ဘန်ကောက်တွင် မြန်မာအချင်းချင်း ဓါးထိုးမှုဖြစ်၍ ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

October 29, 2024

October 29, 2024
ပုံ - Talingchan Police Station

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တလင်းချန်းနယ်မြေတွင် မြန်မာအလုပ်သမားများ အချင်းချင်း အရက်အတူတူသောက်ရာမှ စကားများရန်ဖြစ်ပြီး ဓါးဖြင့်ထိုး၍ ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယမန်နေ့ (အောက်တိုဘာ ၂၈) ည ၁၁ နာရီအချိန်ခန့်က အလုပ်ပြီးချိန် အသက် ၂၇ နှစ် အရွယ် သူငယ်ချင်းလေးဦး အခန်းထဲ အရက်အတူတူစုသောက်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နှစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး တစ်ဦးမှာ ဝမ်းဗိုက်တွင် ဓါးဒဏ်ရာ အပြင်းအထန်ရရှိထား၍ စီရရတ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

အခင်းဖြစ်သော အခန်းထဲတွင်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ထားသည့် ပုံစံကို တွေ့ရပြီး ဓါးနှစ်ချောင်းကို လည်း တွေ့ရှိခဲ့သဖြင့် သက်သေသိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အရက်မူးလာကြပြီးနောက် အချင်းချင်းစကားများ ရန်ဖြစ်ကြခြင်းဖြစ်ပြီး ကျန်သူငယ်ချင်း သုံးဦးက ၎င်းကို ရန်ပြုရန်ကြိုးစားခဲ့သဖြင့် ဓါးကို ဆွဲထုတ်ပြီး ကာကွယ်သည့်အနေဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်သည်ဟုယူဆသူက ရဲတပ်ဖွဲ့သို့ ဝန်ခံထားသည်။

၎င်းတို့သူငယ်ချင်းလေးဦးသည် အရက်အတူတူ စုသောက်ကြလေ့ရှိပြီး မကြာခဏ ရန်ဖြစ်လေ့ရှိကြကြောင်း အခန်းနီး နေထိုင်သူများက ရဲတပ်ဖွဲ့သို့ ဖြေကြားထားသည်။

လူသတ်မှုကျူးလွန်ခဲ့သူကလည်း ရဲတပ်ဖွဲ့ထံ ဝန်ခံထားသဖြင့် ဥပဒေအရ အမှုဖွင့် အရေးယူထားပြီးဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: CH 7, Thai PBS, Thai News Agency