သတိပေးချက်
March 21, 2026

ထိုင်း Cal-Comp လျှပ်စစ်စက်ရုံက မြန်မာလုပ်သား ၁၆၀၀ ကျော်ကို ရုတ်တရက် အလုပ်ထုတ်

December 29, 2025

December 29, 2025

ထိုင်းနိုင်ငံ၊ ဖက်ချ်ဘူရီခရိုင် Cal-Comp လျှပ်စစ်စက်ရုံရှိ မြန်မာအလုပ်သမား ၁၆၀၀ ကျော်ကို ယနေ့ နံနက်ပိုင်းတွင် နစ်နာကြေးပေးပြီး ရုတ်တရက် အလုပ်ထုတ်လိုက်ကြောင်း Cal-Comp စက်ရုံနှင့် မြန်မာအလုပ်သမားများထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက် ၈ နာရီတွင် Cal-Comp Electronics (Thailand) Public Company Limited သည် စက်ရုံရှိ အလုပ်သမား ၁၆၀၀ ကျော်ကို နစ်နာကြေးပေး၍ အလုပ်မှ ရပ်နားလိုက်ကြောင်း ကြေညာခဲ့သည်။

ဝန်ထမ်းများကို ဒီဇင်ဘာလ ၂၉ ရက်အထိ လုပ်အားခနှင့် နစ်နာကြေးပေး၍ ဒီဇင်ဘာလ ၃၀ ရက်မှစ၍ အလုပ်မှ ရပ်နားလိုက်ပြီဖြစ်ကြောင်း ရေးသားထားသည်။

စက်ရုံက အလုပ်သမားများကို နစ်နာကြေးပေးပြီး အလုပ်ထုတ်ခဲ့သော်လည်း လာမည့်နှစ်သစ်တွင် အလုပ်လက်မဲ့ ဖြစ်နေမည်ဖြစ်ကြောင်း အလုပ်ထုတ်ခံရသည့် အလုပ်သမားတစ်ဦးက ပြောသည်။

“ရသင့် ရထိုက်တာတွေ ရခဲ့တယ်ဆိုပေမယ့် အလုပ်က ပြုတ်သွားပြီလေ။ သူများနိုင်ငံမှာ အလုပ်တစ်ခု ရှာရတာ လွယ်တာမဟုတ်ဘူး။ ဒီလိုပဲ ထပ်ရှာရမှာပေါ့” ဟု ၎င်းက ဆိုသည်။

အလုပ်ရပ်နားခံရသူများတွင် လုပ်သက် ၅ လမှစ၍ နှစ်ကြီး အလုပ်သမားများလည်း ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

လုပ်သက်တစ်နှစ်အောက် အလုပ်သမားများသည် နစ်နာကြေး လုပ်အားခ တစ်လစာ ၁၀၅၃၀ ဘတ်၊ ကြိုတင် အကြောင်း မကြားဘဲ အလုပ်ထုတ်လျော်ကြေး ၅၆၁၆ ဘတ်၊ စားစရိတ် ၁၀၀၀ ဘတ်နှင့် ခရီးစရိတ် ဘတ် ၃၀၀ အပါအဝင် နှစ်ကုန် ဘောနပ်နှင့် လုပ်အားခ ရှစ်ရက်စာ ပေါင်း၍ စုစုပေါင်း ၂၇၄၉၉ ဘတ်ကို ရရှိခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

လုပ်သက် ၁ နှစ်အထက် အလုပ်သမားများက နစ်နာကြေးနှင့် လုပ်အားခ စုစုပေါင်း ၅၅၀၀၀ ဘတ်ကျော် ရရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

Cal-Comp လျှပ်စစ်စက်ရုံသည် အလုပ်သမားများကို တရားဝင် အလုပ်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လုပ်သက် တစ်နှစ် မကျော်သည့်အချိန်တွင် အလုပ်ပြန်ဖြုတ်ခဲ့သည့်အတွက် မြန်မာအလုပ်သမားများအနေဖြင့် Cal-Comp စက်ရုံတွင် အလုပ်ဝင်လိုပါက သေချာစဉ်းစားစေလိုကြောင်း အလုပ်သမားများက ပြောဆိုသည်။

ပြီးခဲ့သော စက်တင်ဘာလ ၃၀ ရက်ကလည်း Cal-Comp လျှပ်စစ်စက်ရုံက အလုပ်သမား ၁၄၀၀ ကျော်ကို ရုတ်တရက် အလုပ်ထုတ်ခဲ့သေးသည်။