သတိပေးချက်
July 10, 2025

ထိုင်းက မြန်မာတစ်ရာနီးပါး စစ်ကောင်စီထံထပ်လွှဲ

June 30, 2025

June 30, 2025

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား တစ်ရာနီးပါးကို ယနေ့ ဇွန်လ ၃၀ ရက်တွင် ကော့သောင်းဘက်သို့ လွှဲပြောင်းပေးလိုက်ကြောင်း ရနောင်း‌ခရိုင် လဝကရုံးက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၉၈ ဦးကို ယနေ့ နံနက် ၁၁ နာရီခွဲက ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းခဲ့သည်။

ယခုဇွန်လအတွင်း ဒုတိယအကြိမ်မြောက် လွှဲပြောင်းခြင်းဖြစ်ပြီး ယခု ၂၀၂၅ခုနှစ်အတွင်း ခုနစ်ကြိမ်မြောက် လွှဲပြောင်းခံရခြင်းလည်းဖြစ်သည်။ ယခုနှစ်ထဲတွင် နေရပ်ပြန်ပို့ခံရသူ ၁၁၁၇ ဦးအထိ ရှိလာပြီ ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ ၂၅ ရက်နေ့က ၁၃၁ ဦး လွှဲပြောင်းခဲ့သည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးအထိ ပြန်လည်ပို့ဆောင်ခံခဲ့ရသည်။

နေရပ်ပြန်ပို့စဉ် ရနောင်းခရိုင် လဝကအရာရှိများနှင့်အတူ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့သည်။

နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်းဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီကလည်း နေရပ်ပြန်လည်ပို့ဆောင်လာသူများကို အဓမ္မစစ်မှုထမ်းစုဆောင်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်းစုဆောင်းခံရသူများထံမှ သိရသည်။