သတိပေးချက်
August 6, 2025

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၃၀ကျော် ဖမ်းဆီးခံရ

July 30, 2025

July 30, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၃ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇူလိုင်လ ၂၉ ရက် ညနေ ၆နာရီခန့်က ကန်ချနဘူရီခရိုင်၊ ထိုးဖားဖမ်းဒေသတွင် နိုင်ငံခြားသားများ တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဂိတ်ချစစ်ဆေးကြောင်း ဖော်ပြသည်။

ယင်းအချိန်တွင် ကားနှစ်စီးသည် စစ်ဆေးရေးဂိတ်ကို မြင်သဖြင့် လမ်းခွဲ၍ လမ်းကြောင်းနှစ်ကြောင်းပြောင်းကာ မောင်းပြေးသွားခဲ့သဖြင့် အာဏာပိုင်များက နောက်ကလိုက်လံ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

ထို့နောက် ကားနှစ်စီးအနက် ပစ်ကပ်ကားကို တောထဲရှိ လမ်းဘေးတစ်နေရာနှင့် ဗန်ကားကို စားသောက်ဆိုင် တစ်ဆိုင်အနီးတွင် တွေ့ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

ကားသမားများ ထွက်ပြေးသွားပြီး ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် ကလေးငယ် ၂ ဦး စုစုပေါင်း ၄၂ ဦးကို တွေ့ရကြောင်းဖော်ပြသည်။

၎င်းတို့အနက် မြန်မာနိုင်ငံသား ကိုးဦးတွင် ထိုင်းအစိုးရက ထုတ်ပေးထားသော တရားဝင် စာရွက်စာတမ်များတွေ့ရသဖြင့် နောက်ပိုင်းတွင် ပြန်လွှတ်လိုက်ကြောင်း ဆိုသည်။

ကျန်ရှိသော အမျိုးသား၂၃ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၃၃ ဦးကို နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် ရန်ကုန်၊ မန္တလေးဒေသများမှတစ်ဆင့် ဘုရားသုံးဆူနယ်စပ်အထိလာကြပြီး ထိုင်းနိုင်ငံထဲသို့ တရားမဝင် လမ်းကြောင်းဖြင့် တောလမ်း၊ ရေလမ်းများအသုံးပြု၍ လာကြကြောင်း ဖော်ပြသည်။

၎င်းတို့အနက် အချို့သည် စမွတ်စခွန်ခရိုင်တွင် အလုပ်လုပ်ရန် ဝင်လာကြခြင်းပြီး အခြားသူများသည် မလေးရှားအထိ သွားရန် ဝင်ရောက်လာကြကာ ခရီးစရိတ်အနေဖြင့် ဘတ်တစ်သောင်းမှ နှစ်သောင်းအထိ ပွဲစားများကို ပေးချေရမည်ဖြစ်ကြောင်း ဆိုသည်။

ဖမ်းဆီးခံရသူများကို ထိုးဖားဖမ်းရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင်လည်း တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော် ဝင်လာသော မြန်မာနိုင်ငံသား ၃၀ ဦး ဖမ်းဆီးခံရသေးသည်။

Ref: Kanchanaburi News, Daily News