ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသားများ ပါဝင်နေသော အွန်လိုင်းလိမ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။
ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် ချင်းမိုင်မြို့ မဲရင်ဒေသက ဇိမ်ခံအိမ်တစ်လုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေရာ မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၁၈ ဦး ကိုဖမ်းဆီးမိခဲ့ကြောင်း ဖော်ပြထားသည်။
၎င်းတို့ကို အွန်လိုင်းငွေကြေးလိမ်လည်မှုဖြင့် ချင်းမိုင်တရားရုံးက ဝရမ်းထုတ်ထားပြီး ရဲတပ်ဖွဲ့က ဝရမ်းအရ အိမ်ထဲကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားသား ၁၈ ဦးတွင် မြန်မာနိုင်ငံသား ၆ ဦးနှင့် တရုတ်နိုင်ငံသား ၁၂ ဦး ပါဝင်သည်။
၎င်းတို့သည် အိမ်တစ်လုံးကို အွန်လိုင်းငွေကြေးလိမ်လည်မှု (Call Center) အတွက် အသုံးပြုနေပြီး အိမ်ထဲတွင် ကွန်ပြူတာ ၂၀ လုံး၊ ဖုန်း ၁၀၀ ကျော်နှင့် ဖုန်းဆင်းကဒ်များစွာကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့များ ဝင်ရောက်စီးနင်းစဉ် အိမ်ထဲက အချို့သူများသည် အပေါ်ထပ်မှ ခုန်ချ၍ ထွက်ပြေးရန် ကြိုးစားကြသဖြင့် ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှ ခြေထောက်ကျိုးသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသော တရုတ်နိုင်ငံသားများသည် ခရီးသွားဗီဇာ၊ ကျောင်သားဗီဇာများအပြင် တရားမဝင် နေထိုင်သူများလည်း ပါဝင်နေပြီး ယင်းအိမ်ထဲ နေထိုင်နေသည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ၏ အချက်အလက်ကို မဖော်ပြထားသဖြင့် အလုပ်လုပ်ကိုင်သူလား သို့မဟုတ် ပါဝင်ပတ်သက်သူလား ဆိုသည်ကို မသိရသေးပေ။
ဖမ်းဆီးခံရသူများသည် တရုတ်နိုင်ငံသားအချင်းချင်းကို Facebook ကဲ့သို့ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်ရန် လုပ်ဆောင်ကြကြောင်း ဝန်ခံထားသည်။
အထူးသဖြင့် အွန်လိုင်းဈေးရောင်း၊ လေကြောင်းလိုင်းကိစ္စများနှင့် ပတ်သက်၍ ဘဏ်အကောင့်နံပါတ်များ ရယူရန် သုံးစွဲသူများထံ လိမ်လည်ဖုန်းခေါ်ဆိုခဲ့ကြပြီး OTP ရရှိပါက ၎င်းတို့၏ ဘဏ်အကောင့်များထဲသို့ လွှဲပြောင်းခဲ့ကြကြောင်း ဝန်ခံချက်ကို ဖော်ပြသည်။
ဖမ်းဆီးရမိသူများသည် တစ်လလျှင် ယွမ်ငွေ ၁၀၀၀၀ မှ ၂၀၀၀၀ အထိ (ဘတ် ၅၀၀၀၀ မှ ၁၀၀၀၀၀ အထိ) ရရှိနေကြပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဖြင့် အရေးယူထားကာ အခြားဆက်စပ်နေသော အဖွဲ့အစည်းများကိုလည်း စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
Ref: MGR Online, CH 7, Chiangmai News