သတိပေးချက်
August 6, 2025

မြန်မာတစ်ဦးကိုထိုးခဲ့သည့် ထိုင်းနိုင်ငံသားက ဘတ် ၅၀၀၀၀ ပေးလျော်ပြီး တောင်းပန်

July 30, 2025

July 30, 2025
ပုံစာ - မြန်မာနိုင်ငံသားနှင့် ထိုင်းနိုင်ငံသားတို့နှစ်ဦး ရဲစခန်းတွင် ကျေအေးနေစဉ်။ ဓာတ်ပုံ - MHAC

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်ရှိ ဆေးရုံအနီးတွင် မြန်မာနိုင်ငံသားတစ်ဦးကို ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့သော ထိုင်းနိုင်ငံသားက ဘတ် ၅ သောင်းပေးလျော်ပြီး တောင်းပန်စကားဆိုခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံသား ထိုးကြိတ်ခံရမှုအတွက် MHAC မဟာမိတ်အဖွဲ့နှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံသားကို အရေးယူနိုင်ရေး ပထုံဌာနီရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံသားဘက်က ဘတ်ငါးသောင်းလျော်ကြေးပေး၍ ပြန်လည်တောင်းပန်လာခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ညက ပထုံဌာနီဆေးရုံကြီးအနီး လမ်းမကြီးဘေးတွင် ကိုသားညီသည် နှလုံးရောဂါအခံရှိသော သားဖြစ်သူအတွက် ဆေးဝယ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာစဥ် ဘီးပေါက်သဖြင့် ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်သို့ ဝင်၍ ပြင်ခဲ့ကြောင်း အမှုကို ကူညီဆောင်ရွက်ပေးသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ဆိုင်ကယ်ပြင်ခ ဘတ် ၁၄၀ ကျသင့်ရာ ဘတ် ၅၀၀ တန်ကို ကိုသားညီက ပေးသော်လည်း အကြွေလဲရန်မရှိဟု ပြော၍ ကိုသားညီက အကြွေလဲရန်ဟု ထိုင်းနိုင်ငံသား ဆိုင်ပိုင်ရှင်ကို ပြောဆိုကာ အပြင်သို့ ပြန်ထွက်လာခဲ့ကြောင်း သိရသည်။

ယင်းအချိန် ဆိုင်ပိုင်ရှင်က နောက်ကလိုက်လာပြီး ကိုသားညီက လိမ်ပြေးသည်ဟုဆိုကာ ကိုသားညီ၏ ခန္တာကိုယ်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် ထိုးကြိတ်ကန်ကျောက်နေသည့် ဗီဒီယိုဖိုင်သည် အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာသည်။

ယင်းဗီဒီယိုဖိုင်ကို ထိုင်းနိုင်ငံသားက အွန်လိုင်းပေါ်တင်ခဲ့ပြီး ကိုသားညီကို လူလိမ်ဟု ထပ်မံစွပ်စွဲခဲ့သေးကြောင်း အဖွဲ့ထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံသားကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ကိုသားညီက MHAC မဟာမိတ်အဖွဲ့ထံ အကူအညီလာတောင်းခံခဲ့သဖြင့် ရဲစခန်းကို အမှုဖွင့် တိုင်ကြားရာမှ လျော်ကြေးရရှိခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။

“အထိုးခံရတုန်းက မိန်းမကလည်း မွေးကာစဆိုတော့ ဘယ်သူ့မှ မပြောပဲ ငြိမ်ခံခဲ့တာပါတဲ့။ သူထိုင်းစကားကို နားလည်အောင် သေချာ မရှင်းပြတတ်လို့ သူခုလို ငွေ ၁၄၀ ဘတ်လေးနဲ့ အနိုင်ကျင့်ခံလိုက်ရရှာတာ။ အခုတော့ တောင်းပန်သွားပြီ” ဟု အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ဆိုသည်။

အမှုဖွင့် တိုင်ကြားပြီးနောက် ဇူလိုင်လ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံသားက ရဲစခန်းထံ လာရောက်ပြီး အမှုကို ကြေအေးပေးရန် တောင်းဆိုကာ ဘတ် ၅ သောင်းလျော်ကြေးပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

နောက်ထပ်လည်း နစ်နာသူ မြန်မာနိုင်ငံသားအား တောင်းပန်ကြောင်းကို အွန်လိုင်းပေါ်တွင် သုံးရက်အထိ တင်သွားမည်ဖြစ်ပြီး နောက်ထပ် ပြသနာမရှာတော့ဟု ခံဝန်လက်မှတ်ရေးထိုးခဲ့ကြောင်း ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ လူတစ်ဦးဦးကို ကိုယ်ဖြစ်စေ စိတ်ဖြင့်စေ ထိခိုက်ခံစားရအောင် ပြုလုပ်သူများသည် ဘတ် ၄၀၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သလို ထောင်ဒဏ်နှစ်နှစ်အထိ ကျခံရနိုင်သည်။

ထပ်မံ၍အခြားသူကို ပြင်းပြင်းထန်ထန် ကိုယ်ထိလက်ရောက် အန္တရာယ်ပြုပါက ဒဏ်ငွေ ဘတ် ၂ သိန်းအထိ ပေးဆောင်ရနိုင်သလို ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ကြောင်း ထိုင်းဥပဒေတွင် ပြဌာန်းထားသည်။