ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မလေးရှားနိုင်ငံသို့ သွားမည့်သူများအပါအဝင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၉၀ နီးပါး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ယနေ့ စက်တင်ဘာ ၃၀ နံနက် ၁ နာရီခန့်တွင် ကားလေးစီးဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသားများကို ထိုင်းနယ်ခြားစောင့်တပ်များက လမ်းတွင် စောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကားလေးစီးသည် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းနိုင်ရန် တောလမ်းအတိုင်း မောင်းလာသော်လည်း နယ်ခြားစောင့်တပ်က သတင်းကြိုတင်ရရှိထားသဖြင့် လမ်းပိုင်တွင် ပုန်းခို၍ စောင့်ဆိုင်နေခဲ့ကြခြင်းဖြစ်သည်။
ကားများလာစဉ် အာဏာပိုင်များက တားဆီးစစ်ဆေးခဲ့သော်လည်း မောင်းပြေးခဲ့သေးသဖြင့် နောက်က လိုက်လံဖမ်းဆီးခဲ့ရကြောင်း သတင်းတွင်ဖော်ပြထားသည်။
ကားလေးစီးလုံးကို ဖမ်းမိသော်လည်း ကားသမားနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန်ထိုင်းကားသမားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
ပစ်ကပ်ကား သုံးစီးပေါ်တွင် ကုန်ပစ္စည်းများအောက်၌ ပုန်း၍ လိုက်ပါလာသော မြန်မာနိုင်ငံသား ၅၁ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အချို့ကားများသည် စာတိုက်ပို့ဆောင်ရေးကားပုံစံ အလုံပိတ်ပြင်ဆင်ထားသည်ကို တွေ့ရကြောင်း ရဲထုတ်ပြန်ချက်တွင် ပါရှိသည်။
နောက်ထပ် ဗန်ကားပေါ်တွင် မြန်မာနိုင်ငံသား ၃၈ ဦး လိုက်ပါလာကြပြီး အားလုံးတွင် နေထိုင်ခွင့် အထောက်အထားများ မတွေ့ရဟုဆိုသည်။
မြန်မာနိုင်ငံသားများသည် စန်ခရာဘူရီနယ်စပ်ထဲသို့ တရားမဝင် ဝင်လာကြပြီး အချို့သည် ထိုင်းနိုင်ငံထဲနှင့် ကျန်သူများက မလေးရှားအထိသွားရန် ဝင်လာကြကြောင်း ဖြေကြားချက်ကို ဖော်ပြထားသည်။
ခရီးစရိတ်အနေဖြင့် ခရီးစဉ်ပေါ်မူတည်၍ ဘတ် ၃၀၀၀၀ မှ ၆၀၀၀၀ အထိ ပေးချေရမည်ဖြစ်ကြောင်း ဖြေကြားထားသည်။
လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများနှင့် ကားသမားများကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး စိုင်ယွတ်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
ယခုစက်တင်ဘာလအတွင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသား ၁၂၀၀ နီးပါးအထိ ဖမ်းဆီးခံထားရပြီဖြစ်သည်။
Ref: Kanchanaburi News, MGR Online