သတိပေးချက်
June 21, 2025

ချွန်ဘူရီတွင် မြန်မာလုပ်သား ၁၈ ဦး လုပ်အားခမရသဖြင့် အခက်အခဲဖြစ်နေ

November 30, 2023

November 30, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၈ ဦးသည် လုပ်အားခ မရရှိသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးနေသော WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

ချွန်ဘူရီခရိုင် နောင်းလွန်ဒေသရှိ ဖိုးလက်မောင်း (ဆောက်လုပ်ရေး) ဆိုဒ်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် ၃ လနီးပါးကြာသည်အထိ လုပ်အားခ ထုတ်ပေးခြင်းမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အလုပ်သမားတစ်ဦးလျှင် လစာငွေ ဘတ် ၃၀၀၀၀ ကျော် ရရန်ရှိနေပြီး အလုပ်သမားအားလုံး စုစုပေါင်း ဘတ် ၅ သိန်းကျော် အထိရမည်ဖြစ်သည်။ 

လုပ်ငန်းခွင်တွင် လုပ်အားခလည်းမှန်မှန်မပေးသလို အချိန်ပိုကြေးများကိုလည်း စာရွက်စာတမ်းကြေးဟုဆိုကာ အလုပ်သမားခေါင်းဆောင်က ဖြတ်တောက်ထားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အလုပ်သမားခေါင်းဆောင်က လုပ်အားခထုတ်ပေးရမည့်အစား ချေးငွေများကို အတိုးယူ၍ ထုတ်ပေးထားသဖြင့် အလုပ်သမားများ လုပ်အားခမရရှိဘဲ အကြွေးများနှင့်သာ နေထိုင်စားသောက်နေခဲ့ရကြောင်း သိရသည်။

ယင်းအခက်အခဲများကို WAG အဖွဲ့ထံသို့ နိုဝင်ဘာ ၂၀ ရက်နေ့ကတည်းက တိုင်ကြားခဲ့သော်လည်း အလုပ်ရှင်နှင့် အလုပ်သမားခေါင်းဆောင်က ဖြေရှင်းပေးမည်ပြောထားသဖြင့် စောင့်ဆိုင်းနေခဲ့သော်လည်း ဖြေရှင်းပေးခြင်း မရှိကြောင်း ယင်းကြောင့်ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကို လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ဆိုသည်။

“အလုပ်သမားတွေက လုပ်အားခလည်းမရ အဆောင်ကနေလည်း နှင်ထုတ်ခံရတဲ့ အခြေအနေဖြစ်နေတယ်။ ဖိုးလက်မောင်း (အလုပ်သမားခေါင်းဆောင်) က လုပ်အားခကို ရှင်းမပေးဘူး။ ချေးငွေကို အတိုးနဲ့ ယူပြီး ပေးနေတာ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် အလုပ်သမားများသည် လုပ်အားခမရရှိသဖြင့် အလုပ်နားထားကြရပြီး အလုပ်ရှင်ဘက်ကလည်း လုပ်အားခများကို ထုတ်ပေးထားပြီးဟု ဖြေရှင်းချက်ပေးထားကြောင်း ၎င်းကဆိုသည်။

သို့သော်အလုပ်သမားခေါင်းဆောင်က မြန်မာအလုပ်သမားများထံမှ စာရွက်စာတမ်းကြေးဟုဆိုကာ ဘတ် တစ်သောင်းကျော် ယူထားခဲ့ပြီး လုပ်အားခများကိုလည်း မထုတ်ပေးဘဲ တစ်ဆင့်ခံ ဖြတ်တောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

လုပ်အားခများကို ပုံမှန် ၁၅ ရက်တစ်ခါ ထုတ်ပေးလေ့ရှိပြီး နောက်ပိုင်းတွင် ၃ လနီးပါးကြာသည်အထိ လုပ်အားခ လုံးဝထုတ်ပေးခဲ့ခြင်းမရှိဘဲ နေ့ရွှေ့ညရွှေ့ အချိန်ကြာအောင် ရွှေ့ဆိုင်းနေခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အလုပ်သမားများတွင် MoU မြန်မာအလုပ်သမားများနှင့် အလုပ်လုပ်ခွင့်လက်မှတ် ပြုလုပ်ရန် အမည်စာရင်း (name list) တင်ထားသူများ ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာအလုပ်သမားများ လုပ်အားခရရှိရေးအတွက် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် တိုင်ကြားထားပြီဖြစ်ပြီး လုပ်အားခများ ပြန်လည်ရရှိရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း WAG အဖွဲ့က ဆိုထားသည်။