ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်မှုဖြင့် မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မတ်လ ၂၈ ရက်က မယ်ဆိုင်မြို့ ဆန်းဆိုင်မွန်ဒေသရှိ လမ်းပေါ်တွင် အသက် ၁၇ နှစ်အရွယ် မယ်ဆိုင်ဒေသခံ မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။
လည်ပင်းတွင် ပြတ်ရှဒဏ်ရာ သုံးချက်ကို တွေ့ရပြီး အလောင်းအနီးတွင် သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ မှတ်ပုံတင်ကိုလည်း တွေ့ရကြောင်း ဖော်ပြသည်။
သေဆုံးသူ မိန်းကလေးအပါအဝင် သူငယ်ချင်းဖြစ်သူသုံးဦးသည် မတ်လ ၂၇ ရက် ည ၁၀ နာရီခန့်က မြန်မာအမျိုးသားတစ်ဦးနှင့် ဆီဆိုင်တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း နီးစပ်သူများ၏ ဖြေကြားချက်ကို ဖော်ပြသည်။
သူငယ်ချင်းဖြစ်သူတို့ နှစ်ဦးသည် နေရာတစ်ခုတွင် ကျန်ရစ်ခဲ့ပြီး သေဆုံးသူ မိန်းကလေးနှင့် မြန်မာအမျိုးသားတို့ နှစ်ဦးတည်း အခြားနေရာတစ်ခုသို့ ထွက်သွားခဲ့ကြောင်း ဆိုသည်။
မတ်လ ၂၈ ရက် နံနက် ၂နာရီခန့်တွင် မြန်မာအမျိုးသားသည် ဆိုင်ကယ်စီး၍ တစ်ဦးတည်း ပြန်လာပြီး မိန်းကလေးသည် အခြားဆိုင်ကယ်တစ်စီးပေါ်သို့ လိုက်သွားပြီးနောက် ပျောက်ဆုံးသွားပြီဟု သူငယ်ချင်းဖြစ်သူနှစ်ဦးကို ပြောဆိုခဲ့ကြောင်း ဖော်ပြသည်။
ယင်းနောက် မြန်မာအမျိုးသားနှင့်အတူ သူငယ်ချင်းဖြစ်သူတို့နှစ်ဦးသည် မိန်းကလေးကို လိုက်ရှာရာ လုံးဝမတွေ့ရသဖြင့် မယ်ဆိုင်ရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ခဲ့ကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့က နေ့လယ်ပိုင်းတွင် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ချိန် မြန်မာအမျိုးသားကို မတ်လ ၂၉ ရက်တွင် သွားရောက်ဖမ်းဆီးခဲ့သည်။
မြန်မာအမျိုးသားသည် အသက် ၂၀ အရွယ်ရှိပြီး တောင်ပေါ်သားကတ်ဟု လူသိများသည့် ကတ်အဖြူရောင်ကို ကိုင်ဆောင်ထားသူဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာအမျိုးသားကို ဖမ်းဆီးချိန် ဆိုင်ကယ်တွင် သွေးစများ စွန်းထင်နေသလို အမျိုးသား၏ လက်သည်းနှင့် ဖိနပ်တွင်လည်း သွေးစ စွန်းနေသည်ကို တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
မြန်မာအမျိုးသားက မိန်းကလေးကို နေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ရန် ကြိုးပမ်းစဉ် အမျိုးသမီးက လက်မခံခဲ့သဖြင့် လည်ပင်းကို ဓါးဖြင့် တစ်ချက် လှီးခဲ့ကြောင်း ထွက်ဆိုသည်ဟု ဖော်ပြသည်။
ယင်းနောက် မိန်းကလေးကို ဆိုင်ကယ်ပေါ်က ဆွဲချ၍ အဓမ္မပြုကျင့်ခဲ့ပြီး လည်ပင်းကို ဓါးဖြင့် နှစ်ချက် ထပ်မံလှီးခဲ့သည်ဟု ထွက်ဆိုထားကြောင်း ဖော်ပြသည်။
ယင်းဒဏ်ရာကြောင့် မိန်းကလေး သေဆုံးသွားခဲ့ပြီးနောက် ရုပ်အလောင်းကို စွန့်ပစ်၍ ပြန်လာခဲ့ကြောင်း ဆိုသည်။
လက်ရှိတွင် အမျိုးသားကို သက်သေပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ပြီး လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုများဖြင့် အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: Matichon Online, Workpoint 23, ChiangMai News






