သတိပေးချက်
July 10, 2025

ထိုင်းအမြန်လမ်းတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ

July 3, 2025

July 3, 2025

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်ရှိ အမှတ် ၁၂ အမြန်လမ်းမကြီးပေါ်တွင် ပစ်ကပ်ကားအတွင်း ပြည့်ကျပ်စွာ တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB) က ထုတ်ပြန်သည်။

ဇူလိုင်လ ၂ ရက်နေ့က တာခ့်မြို့ရှိ တာခ့်-စူခိုထိုင်း အမြန်လမ်းမပေါ်တွင် မြန်မာနိုင်ငံသားများကို ကားဖြင့် တရားမဝင် ခေါ်တင်လာကြောင်း သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် CIB ရဲတပ်ဖွဲ့က လမ်းပိုင်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းအချိန် ပစ်ကပ်ကားတစ်စီးသည် အရှိန်မြှင့်မောင်းနှင်လာပြီး ကားအလေးချိန်ကလည်း ပုံမှန်ထက် ပိုများနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့သည်။

ကားအတွင်းစစ်ဆေးသောအခါ ပြည့်ကျပ်စွာလိုက်ပါလာသော မြန်မာနိုင်ငံသား ၁၀ ဦးနှင့်အတူ ထိုင်းကားသမားကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရဘဲ တာခ့်ခရိုင်ထဲသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြကြောင်း ဝန်ခံချက်ကို ဖော်ပြထားသည်။

ကားသမားကလည်း မြန်မာနိုင်ငံသားများကို နယ်စပ်မှတစ်ဆင့် စူခိုထိုင်းသို့ ပို့ဆောင်ပေးရန် ပွဲစားတစ်ဦးက ဘတ် ၁၈၀၀၀ ဖြင့် ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဖြေကြားချက်ကို ဖော်ပြသည်။

ထို့နောက် ကားသမားနှင့်အတူ မြန်မာနိုင်ငံသား ၁၀ ဦးကို ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်ရန်အတွက် ဝပ်ပကျွတ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သော ဇွန်လက ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသား ၄၅၀ ကျော်အထိ ဖမ်းဆီးခံရကြောင်း သတင်းစုစည်းမှုအရ သိရသည်။

Ref: PPTV, CIB