ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျမှုကြောင့် မြန်မာအလုပ်သမားများ အပါအဝင် အလုပ်သမား ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇူလိုင်လ ၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်က ဘန်ကောက်မြို့ မင်ဘူရီခရိုင်ရှိ မြို့တော်ရေသိုလှောင်ရေး ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု ပြိုကျမှုဖြစ်ခဲ့ခြင်းဖြစ်သည်။
လုပ်ငန်းခွင်ထဲရှိ ကွန်ကရစ်လောင်းရန် ထောင်ထားသော စတီးဘောင်များမှာ အလုပ်သမားများ အလုပ်လုပ်နေသည့်အချိန် ပြိုကျလာခြင်းဖြစ်သည်။
ပြိုကျမှုဖြစ်သောအချိန်တွင် အလုပ်သမား ၁၆၀ ဦး အလုပ်လုပ်နေပြီး ၎င်းတို့အနက် ၁၂ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများတွင် မြန်မာအလုပ်သမား ၇ ဦး၊ ထိုင်းအလုပ်သမား ၂ ဦးနှင့် ကမ္ဘောဒီးယားအလုပ်သမား ၃ ဦး ပါဝင်ပြီး အမျိုးသား ၉ ဦး၊ အမျိုးသမီး ၃ ဦးဖြစ်သည်။
အလုပ်သမားများ၏ လက်နှင့် ခြေထောက်များတွင် ထိခိုက်ဒဏ်ရာရရှိခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များက ကနဦး ကုသပေးပြီးနောက် နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိတွင် ပြိုကျရသော အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်သည် လုံခြုံရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းရှိမရှိ အာဏာပိုင်များက ဆက်လက်စုံစမ်းသွားမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Bangkok Post, Khaosod English





