ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်၊ စဝီမြို့တွင် လောင်းလုံးမြို့နယ်၊ ဝေဒီရွာ ဒေသခံ သားအမိနှစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးကြောင်း မေတ္တာရှေ့ထားစေတနာပွား နာရေးကူညီမှုအသင်းထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၁၁ နာရီခန့်က မိသားစုဝင် လေးဦးသည် ဘုရားကြီးပွဲက ဆိုင်ကယ်စီးပြီး ပြန်လာစဉ် ကားဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အသင်းထံမှ သိရသည်။
ကားတိုက်ခံရမှုကြောင့် အသက် ၄၂ နှစ်အရွယ် ဒေါ်စန္ဒာမြင့်နှင့် အသက် ၉ နှစ်အရွယ် သားဖြစ်သူ မောင်နိုင်ရဲလင်းတို့ အခင်းဖြစ်ရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
“အလောင်းကိုတော့ မိုးလင်းမှ ဆေးရုံကားနဲ့ သယ်ဆောင်လာပါတယ်” ဟု မေတ္တာရှေ့ထားစေတနာပွား နာရေးကူညီမှုအသင်း၏ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
နောက်ထပ် ကားတိုက်ခံရမှုကြောင့် အဖေဖြစ်သူနှင့် သမီးဖြစ်သူတို့ ဆေးရုံတင်ထားရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယာဉ်တိုက်ဖြစ်စဉ်နှင့် ပတ်သက်၍မူ သေသချာချာ မသိရသေးပေ။
လက်ရှိတွင် အလောင်းများကို နမ်းမချာဘုန်းကြီးကျောင်းတွင် ထားရှိထားပြီး လာမည့် ဖေဖော်ဝါရီလ ၂၇ ရက် သောကြာနေ့ နေ့လယ် ၁၂ နာရီတွင် မီးင်္သဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။






