ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦး အရက်မူးပြီး မောင်းလာသော ကားသည် ဆိုင်ကယ်များကို ဝင်တိုက်ခဲ့ရာမှ ထိုင်းနိုင်ငံသား နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇူလိုင်လ ၂၅ ရက် ည ၇ နာရီခွဲခန့်က ဖူးခက်မြို ထလန်ဒေသ ရေတံခွန်သို့ အဝင်လမ်းပေါ်တွင် ကားတစ်စီးက ဆိုင်ကယ်များကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ရေတံခွန်လမ်းမှ ထွက်လာသော ပစ်ကပ်ကားသည် လမ်းမတွင် မောင်းနှင်နေသော ဆိုင်ကယ်ကို ဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်စီးလာသော အသက် ၂၄နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
ယင်းအချိန် ကားသည် မရပ်တန့်ဘဲ အရှိန်မြှင့်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့စဉ် အနီးရှိ ဆိုင်ရှေ့တွင် ရပ်နား ထားသော ဆိုင်ကယ်နှင့် လူများကို ဝင်တိုက်ခဲ့သဖြင့် နောက်ထပ် သုံးဦး ထပ်မံဒဏ်ရာရကြောင်း ဖော်ပြသည်။
အသက် ၂၄ နှစ်အရွယ် ထိုင်းနိုင်ငံသား လူငယ်နှင့် ဆိုင်ရှေ့ရှိ အသက် ၄၀ အရွယ် ထိုင်းအမျိုးသမီးတို့သည် ထလန်ဆေးရုံကြီးတွင် ကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
အဆိုပါ ထိုင်းလူငယ်သည် အလုပ်ရရှိသေးသည်မှာ မကြာသေးဘဲ မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောသည်။
နောက်ထပ် နှစ်ဦးသည်လည်း ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။
ကားကို အသက် ၄၂ နှစ်အရွယ် ကိုအောင်မင်းဦး မောင်းနှင်လာခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ကားသမားကို စစ်ဆေးခဲ့ရာ ကန့်သတ် ပမာဏထက် အရက်သောက်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသား မောင်းလာသော ကားမှာ ထိုင်းအလုပ်ရှင်၏ ကားဖြစ်ပြီး အလုပ်ရှင်က သေဆုံးသူ၏ မိသားစုဝင်များထံ ကနဦး ဘတ် တစ်သိန်းစီ နစ်နာကြေးပေးကြောင်း ဖော်ပြသည်။
လက်ရှိတွင် မြန်မာနိုင်ငံသားကို ဖမ်းဆီးထားပြီး သက်သေများကို စုဆောင်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။
Ref: Bangkok Post, Khaosod






