ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အောက်တိုဘာလ ၂၇ ရက် နေ့လယ် ၁ နာရီခွဲခန့်က စမွတ်စွန်ခရမ်မြို့ ဘန်းကောင်ဒေသရှိ သိုလှောင်ရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲကို အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
လုပ်ငန်းခွင်ထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၂၁ ဦး အလုပ်လုပ်ကိုင်နေပြီး အားလုံးတွင် အလုပ်လုပ်ခွင့်လက်မှတ် မရှိကြကြောင်း ဖော်ပြသည်။
ထို့ကြောင့် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှုနှင့် တရားမဝင် ဝင်ရောက်လာမှုများဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း ဖော်ပြသည်။
ဆောက်လုပ်ရေးလုပ်ငန်းကို ကြီးကြပ်နေသော တရုတ်နိုင်ငံသားတစ်ဦးကိုလည်း တွေ့ရှိခဲ့သဖြင့် စစ်ဆေးရာ ထိုင်းနိုင်ငံထဲသို့ အလည်ဗီဇာဖြင့် ဝင်ရောက်လာသော်လည်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
ဆောက်လုပ်ရေး ကန်ထရိုက်တာကိုလည်း စစ်ဆေးမေးမြန်းသွားမည်ဖြစ်ပြီး တရားမဝင် အလုပ်ခန့်ထားမှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသူ အားလုံးကို စမွတ်စွန်ခရမ်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူများကို ထပ်မံစစ်ဆေး ဖမ်းဆီးမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Khaosod, 77 Khaoded






