ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တရုတ်နိုင်ငံသား အလုပ်ရှင်တစ်ဦးကို သတ်ပြီး ထွက်ပြေးနေသော မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်တွဲကို ရဲတပ်ဖွဲ့က အပူတပြင်းရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အောက်တိုဘာလ ၂၇ ရက် ညက ဘန်ကောက်မြို့၊ လတ်ကရန်ဘန်နယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် လုပ်အားခ ရှင်းပေးစဉ် မြန်မာဇနီးမောင်နှံ နှစ်တွဲနှင့် တရုတ်အလုပ်ရှင်နှစ်ဦးတို့ စကားများ ရန်ဖြစ်ခဲ့ရာမှ လူသတ်မှုဖြစ်ကြောင်း ဆိုသည်။
ညနေ ၆ နာရီခွဲခန့်တွင် တရုတ်နိုင်ငံသား အလုပ်ရှင်နှစ်ဦးသည် မြန်မာအလုပ်သမား ၆၀ ကျော်ကို လုပ်အားခရှင်းပေးရန် ရောက်ရှိလာခဲ့သည်။
လုပ်အားခရှင်းပေးစဉ် တရုတ်အလုပ်ရှင်များက မြန်မာ ဇနီးမောင်နှံ နှစ်တွဲ အလုပ်လုပ်ကိုင်ပုံနှင့် ပတ်သက်၍ အော်ဟစ်ပြစ်တင်ပြောဆိုခဲ့ပြီး အလုပ်မှထွက်စေခဲ့ကြောင်း ဖော်ပြသည်။
တရုတ်အလုပ်ရှင်များက လုပ်အားခကိုလည်း မပေးသလို အလုပ်ထုတ်ပယ်ရန် ကြိုတင်အကြောင်းကြားခဲ့ခြင်း မရှိသဖြင့် ် စကားများ ရန်ဖြစ်ကြကြောင်း ဆိုသည်။
ယင်းနောက် မြန်မာ ဇနီးမောင်နှံ နှစ်တွဲက တရုတ်အလုပ်ရှင်နှစ်ဦးကို စတီးချောင်းဖြင့် ရိုက်၊ ဓါးဖြင့် ထိုးကာ လုပ်အားခငွေ ဘတ် ငါးသောင်းခန့်ကို ယူ၍ ထွက်ပြေးသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ထွက်ပြေးသွားသူများအနက် အသက် ၂၅ နှစ်အရွယ် ကိုစိုးထိုက်အောင်၏ အချက်အလက်ကို အတည်ပြုထားပြီးဖြစ်ကြောင် ဆိုသည်။
အသက် ၃၉ နှစ်အရွယ် တရုတ်နိုင်ငံသား အလုပ်ရှင်သည် ခေါင်းနှင့် မျက်နှာတွင် ရိုက်နှက်ခံခဲ့ရသဖြင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက CPR ပြုလုပ်ပေးခဲ့သော်လည်း သေဆုံးခဲ့ကြောင်း ဖော်ပြသည်။
အသက် ၄၉ နှစ်အရွယ် တရုတ်နိုင်ငံသား အလုပ်ရှင်တွင်လည်း ဦးခေါင်း ရိုက်နှက်ခံရပြီး နောက်ကျောတွင် ဓါးထိုးဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိတွင် ထွက်ပြေးသွားသော မြန်မာ ဇနီးမောင်နှံ နှစ်တွဲကို CCTV မှတ်တမ်းမှတစ်ဆင့် ရဲတပ်ဖွဲ့က ခြေရာခံ၍ စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။
Ref: Bangkok Post, CH 7, FM 91






