သတိပေးချက်
July 27, 2026

ထိုင်းတွင် အထောက်အထားသက်တမ်းတိုးကိစ္စ စကားများပြီး မြန်မာပွဲစား ဓားထိုးခံရ၍သေဆုံး

July 27, 2026

July 27, 2026

ထိုင်းနိုင်ငံ ပါကျင်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း အထောက်အထား စာရွက်စာတမ်း သက်တမ်းတိုးကိစ္စ စကားများရာမှ ဓါးထိုးမှုဖြစ်ခဲ့ပြီး မြန်မာနိုင်ငံသား အလုပ်သမားအကျိုးဆောင်(ပွဲစား)တစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇူလိုင်လ ၂၅ ရက်က ည ၆ နာရီခွဲခန့်က ပါကျင်ဘူရီခရိုင် စီမဟာဖိုဒေသ အလုပ်သမားအကျိုးဆောင်ရုံးရှေ့တွင် မြန်မာအလုပ်သမား ငါးဦးက အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးထားသော မြန်မာပွဲစားထံ သက်တမ်းတိုးစာရွက် လာတောင်းရာမှ အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများတွင် ဓါးနှင့် အခြားပစ္စည်းများ ကိုင်ဆောင်ထားသည်ကို တွေ့ရပြီး စကားများ ရန်ဖြစ်ပြီးနောက် မြန်မာအလုပ်သမားများက မြန်မာပွဲစားကို ဓါးဖြင့် ထိုးခဲ့သည်ကို CCTV မှတ်တမ်းအရ တွေ့ရသည်။

အသက် ၄၀ နှစ်အရွယ် ကိုဇေထူးအောင်ခေါ် မြန်မာပွဲစားသည် ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ဓါးဒဏ်များရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။

နောက်ထပ် အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကလည်း ဓါးဒဏ်ရာရရှိခဲ့သည်။

ကိုဇေထူးအောင်သည် မြန်မာအလုပ်သမားများထံမှ ငွေကြေးဖြင့် အလုပ်လုပ်ခွင့်လက်မှတ် အထောက်အထားများကို ပြုလုပ်ပေးနေသူဖြစ်ပြီး အလုပ်သမားများက အထောက်အထားလက်မှတ်ကို အကြိမ်ကြိမ် လာရောက်တောင်းယူသော်လည်း မပေးခဲ့သဖြင့် အချင်းချင်း စကားများခဲ့ကြကြောင်း CCTV မှတ်တမ်းအရ သိရသည်။

ဓါးထိုးမှုဖြစ်ပြီးနောက် မြန်မာအလုပ်သမား ငါးဦးက ဆိုင်ကယ်များဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

ဓါထိုးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသား ငါးဦးကို ဝရမ်းထုတ်ပြီး CCTV မှတ်တမ်းကို ခြေရာခံ၍ ရှာဖွေစဉ် မြန်မာနိုင်ငံသား တစ်ဦးကို နေထိုင်ရာအခန်းတွင် ဖမ်းဆီးရမိခဲ့သည်။

နောက်ထပ် မြန်မာနိုင်ငံသားလေးဦးက အခင်းဖြစ်သောနေ့ ညပိုင်းတွင် ကားဖြင့် ထွက်ပြေးသွားပြီဖြစ်ကြောင်း ဖမ်းဆီးခံရသူက ထွက်ဆိုထားသည်။

လက်ရှိတွင် ကျန်ရှိသူ လေးဦးကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Ref: CH 7, Amarin TV, Workpoint