သတိပေးချက်
October 30, 2026

ချင်းမိုင်တွင် ဝက်သားကင်သည့်အလုပ် လုပ်နေသော မြန်မာနှစ်ဦး ဖမ်းဆီးခံရ

October 29, 2026

October 29, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ ဆိုင်များသို့ အာဏာပိုင်များ ဝင်ရောက်စစ်ဆေးစဉ် ခွင့်ပြုထားသော အလုပ်နှင့် မကိုက်ညီဘဲ ဝက်သားကင်သည့် အလုပ်ကို ဝင်လုပ်နေသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ အောက်တိုဘာလ ၂၉ ရက်က ချင်းမိုင်မြို့ ဝက်ကေ့ဒေသရှိ ဆိုင်များတွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ ရှိ မရှိ လဝကနှင့် ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးစဉ် ယင်းသို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားနှစ်ဦးသည် ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့်နှင့် အခြေခံအလုပ်သမားအဖြစ် မှတ်ပုံတင်ထားသော အလုပ်လုပ်ခွင့်လက်မှတ်များ ရှိကြောင်း ဖော်ပြသည်။

သို့သော်လည်း အလုပ်ရှင်ပြောင်းလဲပြီး အလုပ်အမျိုးအစား မတူဘဲ အလုပ်လုပ်ကိုင်နေမှုကို အလုပ်သမားရုံးသို့ ၁၅ ရက်အတွင်း အကြောင်းကြားခဲ့ခြင်း မရှိသေးကြောင်း ဆိုသည်။

အလုပ်လုပ်ခွင့်လက်မှတ်တွင် အခြေခံအလုပ်သမားအဖြစ် မှတ်ပုံတင်ထားပြီး ဝက်သားကင်သည့် အလုပ်ကို ပြောင်းလဲ လုပ်ကိုင်နေသဖြင့် ခွင့်ပြုထားသော အလုပ်နှင့် ကိုက်ညီမှုမရှိကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာအလုပ်သမားနှစ်ဦးကလည်း ဆိုင်ထဲတွင် ဝက်သားကင်သည့် အလုပ်ကို လုပ်ကိုင်နေသည်မှာ ၅ လခန့် ရှိပြီဖြစ်ပြီး တစ်ရက်လျှင် ဘတ် ၃၀၀ ရရှိနေသည်ဟု ထွက်ဆိုထားကြောင်း ဖော်ပြသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများသည် အလုပ်ရှင်ပြောင်းလုပ်ပါက အလုပ်ရှင်ပြောင်းကြောင်း အလုပ်သမားရုံးထံ အကြောင်းကြားရမည်ဖြစ်ကြောင်း Labour Rights Foundation အဖွဲ့မှ ကိုဇော်က ပြောသည်။

“အခုဖမ်းဆီးနေတာက အလုပ်ရှင်မတူတာ၊ အလုပ်အမျိုးအစား မတူတာ၊ တားမြစ်ထားတဲ့ အလုပ်တွေ ဝင်လုပ်နေတာတွေ ပိုများနေတယ်။ ဒီတော့ ကျွန်တော်တို့ အလုပ်သမားတွေက ပိုသတိထားပြီး လုပ်ကိုင်မှ ရမယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မြန်မာအလုပ်သမားများကို အလုပ်ရှင်၊ အလုပ်အမျိုးအစားများကို ပြောင်းလဲလုပ်ကိုင်စဉ် အလုပ်သမားရုံးထံ ၁၅ ရက်အတွင်း အကြောင်း မကြားခဲ့မှုဖြင့် အရေးယူပြီး မယ့်ပင်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Khoasod, Chiangmai News