သတိပေးချက်
October 30, 2026

ထိုင်းတွင် ရေပိုက်တပ်ဆင်သည့် အလုပ်လုပ်သူ မြန်မာနှစ်ဦး ဖမ်းဆီးခံရ

October 30, 2026

October 30, 2026

ထိုင်းနိုင်ငံ၊ စမွတ်စွန်ခရမ်ခရိုင်တွင် အိမ်ရာဆောက်လုပ်ရေးစီမံကိန်း၌ ရေနုတ်မြောင်းပိုက်များကို ကန်ထရိုက်ယူ၍ ကိုယ်တိုင်လိုက်လံတပ်ဆင်ပေးနေသည့် မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အောက်တိုဘာလ ၂၉ ရက်က စမွတ်စွန်ခရမ်မြို့၊ လတ်ယိုင်ဒေသရှိ အိမ်ရာဆောက်လုပ်ရေးစီမံကိန်းသို့လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးစဉ် မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားနှစ်ဦးသည် အိမ်ရာဝင်းအတွင်း ရေနုတ်မြောင်းပိုက်များကို ပုတ်ပြတ်ကန်ထရိုက်ယူ၍ တပ်ဆင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ၎င်းတို့ကို လုပ်ပိုင်ခွင့်ထက်ကျော်လွန်၍ လုပ်ကိုင်မှုနှင့် အလုပ်လုပ်ခွင့်လက်မှတ်မရှိမှုတို့ဖြင့် အမှုဖွင့်ကာ လတ်ယိုင်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်ရှင်ပြောင်းလဲလုပ်ကိုင်ပါက အလုပ်ရှင်ပြောင်းလဲကြောင်း အလုပ်သမားရုံးထံ အကြောင်းကြားရမည်ဖြစ်သကဲ့သို့ သတ်မှတ်ထားသည့် လုပ်ငန်းခွင်များတွင်သာ လုပ်ကိုင်ကြရန် မြန်မာအလုပ်သမားများကို ကူညီနေသူများက တိုက်တွန်းထားသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ချင်းမိုင်မြို့တွင် ဝက်သားကင်နေသည့် မြန်မာနိုင်ငံသားနှစ်ဦးကို ခွင့်ပြုထားသည့် အလုပ်နှင့် မကိုက်ညီဟုဆိုကာ ဖမ်းဆီးခဲ့သေးသည်။

ကိုးကား – Khaosod၊ Nakhon Online